CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၃
ရုရှားနှင့် ယူကရိန်း စစ်ပွဲအား အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်၏ ငြိမ်းချမ်းရေး အစီအစဉ်ကို စိစစ်ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ပိုမိုကောင်းမွန်လာကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ (၄)နှစ်နီးပါး ကြာမြင့်လာသည့် ရုရှား၏ စစ်ပွဲဆင်နွှဲမှုကို မည်သို့ အဆုံးသတ်မည်ဆိုခြင်းကို ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
ဇာလန်းစကီးသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပတွင် အကြီးဆုံး စစ်ပွဲဖြစ်သည့် ရုရှား-ယူကရိန်း စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးအတွက် သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့်လည်း ဒီဇင်ဘာ ၁ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအချိန်အတောအတွင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း အမေရိကန်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် တွေ့ဆုံသွားမည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဇနီးကို တွေ့ရစဉ်
နိုဝင်ဘာ ၃၀ ရက်က ယူကရိန်းနှင့် အမေရိကန် အရာရှိများကြား အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး သည် ထိရောက်မှုရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့ ပြီးနောက် ဇာလန်းစကီးက ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်နှင့် ယူကရိန်းသည် အမေရိကန်က အဆိုပြုထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို ပြန်လည် စိစစ်ပြင်ဆင်ရန် လုပ်ဆောင်လျက်ရှိသည်။
သို့သော် အမေရိကန်၏ မူလ ငြိမ်းချမ်းရေး အစီအစဉ်သည် ရုရှား၏ တောင်းဆိုချက်များကို လိုက်လျောလွန်း နေကြောင်း ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ဝေဖန်ခဲ့ကြသည်။
ထိုဝေဖန်မှုများကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်းအစိုးရအဖွဲ့ ရေးဆွဲ ထားသည့် အချက် ၂၈ ချက်ပါ မူရင်း ငြိမ်းချမ်းရေး အစီအစဉ်ကို စိစစ်ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ပြောကြား ခဲ့သည်။
ပြင်သစ်သမ္မတရုံးကမူ မက်ခရွန်နှင့် ဇာလန်းစကီးတို့သည် ဗြိတိန်၊ ဂျာမနီ၊ ပိုလန်၊ အီတလီ၊ နော်ဝေ၊ ဖင်လန်၊ ဒိန်းမိတ်၊ နယ်သာလန် နိုင်ငံများမှ ခေါင်းဆောင်များ အပါအဝင် အခြားဥရောပ မိတ်ဖက်ခေါင်းဆောင်များနှင့် လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေပီ
