CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅

သမ္မတရာထူးမှ နုတ်ထွက်လျှင် ငြိမ်းချမ်းရေး ရရှိမည်ဆိုပါက နုတ်ထွက်ရန်ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထို့ပြင် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာမည်ဆိုပါကလည်း သမ္မတရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

၎င်းက “ကျနော် အဲဒါနဲ့ပတ်သက်ပြီး အများကြီး မပြောချင်ပါဘူး။ အခုဖြစ်နိုင်ရင် အခုချက်ချင်း လုပ်ချင်ပါတယ်။ ကျနော် က ယူကရိန်းရဲ့ လုံခြုံရေးကို အာရုံစိုက်ထားတာပါ။ နှစ်တွေအကြာကြီး တွေးနေမှာ မဟုတ်ပါဘူး။ နောက်ထပ် ၁၀ နှစ်လောက်လည်း အာဏာကို ကိုင်ထားဖို့ အစီအစဉ်မရှိပါဘူး။ အခုပြောခဲ့တာတွေက ကျနော့် ရည်ရွယ်ချက်၊ ကျနော့်ရဲ့ စိတ်ကူးယဉ် အိပ်မက်ဖြစ်ပါတယ်" ဟု ပြောသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ရန် တိုက်တွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာတွင် ဇာလန်းစကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်အပြင် ရုရှားကလည်း ပြီးခဲ့သည့်နှစ်က သမ္မတသက်တမ်း ကုန်သွားပြီဖြစ်သည့် ဇာလန်းစကီး၏ တရားဝင်မှု အပေါ် မေးခွန်းထုတ်နေသည်။

မည်သို့ပင်ဆိုစေ ယူကရိန်း၏ ဥပဒေအရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသဖြင့် ရွေးကောက်ပွဲများ ကျင်းပနိုင် မည် မဟုတ်ဘဲ ဇာလန်းစကီးနှင့် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကပါ စစ်ပွဲဖြစ်ပွား နေချိန်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။

ထရမ့် အနေဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရာတွင် ကြားဝင်ဖြန်ဖြေသူ တစ်ဦးသာမက ယူကရိန်း၏ မိတ်ဖက်အဖြစ် ရပ်တည်ပေးရန် မိမိအနေဖြင့် မျှော်လင့်ထားကြောင်း ဇာလန်းစကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရမ့်ဆီက ကျနော် မျှော်လင့်ထားတာတွေကတော့ ကျနော်တို့ဘက်ကနေ သူ့ကို ရည်တည်ပေးစေချင် ပါတယ်။ ကျနော်တို့က မိတ်ဖက်တွေပါ။ သူက စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးချင်သလို ကျနော်ကလည်း ငြိမ်းချမ်းရေးကို လိုချင်သူဖြစ်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည် မတိုင်မီ ထရမ့်နှင့် ဇာလန်းစကီးတို့အကြား အပြန်အလှန် ဝေဖန်မှုများနှင့် ဆက်ဆံရေး တင်းမာခဲ့သည့် လက္ခဏာများကို မြင်တွေ့ခဲ့ရသည်။

Source: Nikkei Asia