CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၅
ရုရှားသမ္မတ ပူတင် (Vladimir Putin) အနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောမတူ ပါက အမေရိကန်က ရုရှားကို ပိတ်ဆို့မှုများ ချမှတ်မည်ဟု အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အလားတူ စစ်ရေးအရ အရေးယူမည့် အလားအလာလည် ရှိလာလိမ့်မည်ဟု ၎င်းက ပြောသည်။
“ပူတင်ကို ပစ်မှတ်ထားဖို့အတွက် စီးပွားရေးအရ လုပ်စရာတွေရှိသလို စစ်ရေးအရလည်း လုပ်စရာတွေရှိပါတယ်” ဟု ဗန့်စ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ဝေါစထရိဂျာနယ်နှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
“ဖော်မြူလာတွေ၊ အစီအစဉ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုစိုက်ပြီး လုပ်ရမှာကတော့ ယူကရိန်းဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ်မှုကို ရရှိဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် ဖေဖော်ဝါရီ ၁၂ ရက်က ရုရှားသမ္မတ ပူတင် (Vladimir Putin) ၊ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) တို့နှင့် သီးခြားဆီ ဖုန်းဆက် စကားပြောခဲ့ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို ဆွေးနွေးခဲ့သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ရုရှားက ခရိုင်းမီးယားဒေသကို မသိမ်းယူမီ ယူကရိန်း၏ နယ်စပ်များကို ၂၀၁၄ ခုနှစ် အစောပိုင်းက အနေအထား အတိုင်း ပြန်လည် ရောက်ရှိစေရေးသည် လက်တွေ့မကျဘဲ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံမှုသည် လည်း ဖြေရှင်းချက်တစ်ခု မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ဘရပ်ဆဲလ် (Brussels) မြို့တွင် ယူကရိန်း၏ မဟာမိတ်များကို ပြောကြားခဲ့သည်။
ထရမ့်သည် ပူတင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက် ယူကရိန်း၏ နယ်မြေများကို ရုရှားအား လွှဲပြောင်းပေးရန် ပြင်ဆင်နေမည့် အရေးကို ယူကရိန်းက စိုးရိမ်လျက်ရှိသည်။
ဖေဖော်ဝါရီ ၁၃ ရက် အစောပိုင်းကလည်း ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ယူကရိန်းလည်း ပါဝင် လိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။
စစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သည့် အခါတိုင်းတွင် ယူကရိန်းသည် စားပွဲဝိုင်း၌ နေရာတစ်နေရာ ရလိမ့်မည်ဟု ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခတွင် ရရှိလာမည့် သဘောတူညီချက်သည် လူအများကို အံ့အားသင့် သွားစေလိမ့်မည်ဟုလည်း ဒုသမ္မတဗန့်စ်က ပြောကြားခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။
Source: ရိုက်တာ