CNI International News
အစ္စတန်ဘူလ်၊ မေလ ၁၇
တူရကီနိုင်ငံတွင် ပြုလုပ်သည့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင် (Vladimir Putin) မတက်ရောက်ခဲ့သဖြင့် ပူတင်နှင့် တတ်နိုင်သမျှ အမြန်ဆုံး တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
“ကျနော်တို့ ဆွေးနွေးဖို့ အချိန်ကျပြီလို့ ထင်ပါတယ်” ဟု ထရမ့်က ၄ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်အပြီး တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ ပြန်ရန် Air Force One လေယာဉ်ပေါ်သို့ တက်ခဲ့ပြီးနောက် လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ပူတင်ကို မကြာမီ ဖုန်းခေါ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
“သူနဲ့ ကျနော် တွေ့မှာပါ။ ဒါကို ကျနော်တို့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မဖြေရှင်းနိုင်တာလည်း ဖြစ်နိုင်ပါ တယ်။ အနည်းဆုံးတော့ ဘာလဲဆိုတာ သိရတာတာပေါ့။ ကျနော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒါဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလာပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
မေလ ၁၆ ရက်က တူရကီတွင် ပြုလုပ်သည့် ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို ပူတင် မတက်ရောက်သည့် ကိစ္စအပေါ် မအံ့ဩကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူသည် ထိုဆွေးနွေးပွဲကို မတက်သဖြင့် ပူတင်ကလည်း မတက်ခဲ့ခြင်း ဖြစ်ကြောင်း ထရမ့်က ပြောသည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ယူကရိန်းစစ်ပွဲကို အဖြေရှာရန် ထရမ့်က တိုက်တွန်းနေချိန်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ဆွေးနွေးပွဲ တက်ရောက်ရန် သဘောတူခဲ့သည်။
ဇာလန်းစကီးက သူသည် အမေရိကန် အဆိုပြုသည့် ရက် ၃၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ကို သဘောတူကြောင်း ပြောကြားခဲ့သော်လည်း ရုရှားဘက်က သဘောတူခဲ့ခြင်းမရှိဘဲ ယူကရိန်းနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်နေသည်။
လက်ရှိတွင် ရုရှားနှင့် ယူကရိန်းကြား ၃ နှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက် ဆွေးနွေးမှုများကို ပြုလုပ်လျက် ရှိကာ ကျွမ်းကျင်သူများကမူ ဆွေးနွေးညှိနှိုင်းမှုများသည် တိုးတက်မှု အနည်းငယ်သာရှိနိုင်ကြောင်း ခန့်မှန်း သုံးသပ်ခဲ့သည်။
“ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျနော်တို့ ၂ ယောက် မတွေ့ခင် အချိန်အထိ တစ်ခုခု တိုးတက်လာမယ် မထင်ပါဘူး။ လူတွေ အများကြီး သေဆုံးနေတာကြောင့် ကျနော်တို့ ဒါကို ဖြေရှင်းရမှာပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: အေပီ