CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump)  နှင့် အိန္ဒိယ၏ ဟိန္ဒူအမျိုးသားရေး ဝန်ကြီးချုပ် မိုဒီ ( Narendra Modi ) တို့သည်  ဖေဖော်ဝါရီ ၁၃ ရက်က ဝါရှင်တန်တွင် တွေ့ဆုံခဲ့ချိန်က လက်နက်ဝယ်ယူမှုမှအစ ကုန်သွယ်ရေးအဆုံး အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း လူ့အခွင့်အရေးနှင့် လူနည်းစုများ အနိုင်ကျင့်ခံနေရသည့် ထိလွယ်ရှလွယ်ရှိသော အကြောင်းအရာ များကိုမူ လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း အိန္ဒိယ၏ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်၏ ပါတီနှစ်ရပ် စလုံးက စိုးရိမ်ခဲ့ကြသော်လည်း အိန္ဒိယသည် အမေရိကန်နှင့် ကုန်သွယ်မှုကို တိုးမြှင့်ခဲ့သဖြင့် လူ့အခွင့်အရေး စိုးရိမ်မှုများသည် ကုန်သွယ်ရေး လောင်းရိပ်အောက်တွင် မှေးမှိန်သွားခဲ့သည်။

အိန္ဒိယသည် တရုတ်ကို တန်ပြန်သည့် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများအတွက် မိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့ သဖြင့် ထရမ့်၏ ဒုတိယသက်တမ်းတွင်လည်း လူ့အခွင့်အရေး စိုးရိမ်မှုများသည် အလားတူ ပုံစံအတိုင်း ဆက်လက် မှေးမှိန်နေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထရမ့်နှင့် မိုဒီတို့သည် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ချိန်တွင်လည်း လူ့အခွင့်အရေး ကိစ္စများကို ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“ထရမ့်က အိန္ဒိယရဲ့ လူ့အခွင့်အရေး အခြေအနေကို စိတ်ဝင်စားပုံ မပေါ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကိုက အကျိုးစီးပွားအပေါ် အခြေခံထားလို့ ဖြစ်ပါတယ်”ဟု ဝီလ်ဆင်စင်တာ ကျွမ်းကျင် ပညာရှင်များ၏ တောင်အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး မိုက်ကယ် ကူဂျယ်မန် (Michael Kugelman) က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်(Joe Biden) လက်ထက်ကမူ အန္ဒိယနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သော်လည်း တစ်ဖက်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကင် ( Antony Blinken) က အိန္ဒိယတွင် လူနည်းစုများ အနိုင်ကျင့်ခံနေရသည့် အခြေအနေများကို မကြာခဏ ဝေဖန်ရှုတ်ချခဲ့ သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မကြာသေးမီ နှစ်များအတွင်း အိန္ဒိယတွင် လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်များ ချိုးဖောက်ခံနေရသည့် သတင်းများကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယအစိုးရကမူ ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

မိုဒီနှင့် ထရမ့်တို့သည် အတွေးအမြင် တူညီမှုရှိသည့် အာဏာရှင်ဆန်သော ခေါင်းဆောင်များဖြစ်သည်ဟု Chatham House ကျွမ်းကျင်ပညာရှင်အဖွဲ့မှ သုတေသီတစ်ဦးဖြစ်သူ ချီတစ် ဘာဂျပီ (Chietigj Bajpaee) က ပြောကြားခဲ့သည်။

ကူဂျယ်မန်ကလည်း ထရမ့်နှင့် မိုဒီတို့သည် လူ့အခွင့်အရေး ကိစ္စများတွင် ချဉ်းကပ်ဆောင်ရွက်ပုံများ တူညီမှုရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ