CNI International News

ဘေဂျင်း၊ ဩဂုတ် ၂၇

အမေရိကန်၏ ဩဇာလွှမ်းမိုးရေး ကြိုးပမ်းမှုအား တန်ပြန်နိုင်ရေးအတွက် စည်းလုံခြင်းကိုအရှိန်မြှင့်ရန် ရုရှား သမ္မတပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SCO) အစည်းအဝေးမှာ ကြိုဆိုဧည့်ခံသွားမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် လာမည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံတွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်ကို ဧည့်ခံ တွေ့ဆုံ သွားမည်ဖြစ်သည်။ 

တရုတ်သည် ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ရုရှားအား ကူညီပေးနေပြီး SCO အစည်းအဝေးကို ပြုလုပ်ခြင်း အားဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ လက်ထက်တွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အင်အားကို ပြသရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ တီအန်ကျင်း (Tianjin) မြို့တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်မည့် ထိုအစည်းအဝေး၌ ရုရှားသမ္မတ ပူတင် (Vladimir Putin) အပြင် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ကြားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် 

ထိုအစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) လည်း တက်ရောက်မည်ဖြစ်ပြီး မိုဒီအတွက် ၇ နှစ်အတွင်း ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

အနောက်နိုင်ငံများမှ ခေါင်းဆောင်များက ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ပူတင်နှင့် အဆက်အသွယ် ဖြတ်ထား သည့်တိုင် မိုဒီသည် ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့တွင် ပြုလုပ်ခဲ့သည့် BRICS အစည်းအဝေး တွင်လည်း ရှီ၊ ပူတင်တို့နှင့် တွေ့ဆုံခဲ့သည်။

SCO အစည်းအဝေးတွင် ရှီ၊ ပူတင်နှင့် မိုဒီတို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် ရုရှားက မျှော်လင့်ထား ကြောင်း နယူးဒေလီ (New Delhi) မြို့တော်ရှိ ရုရှားသံရုံးမှ အရာရှိများက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြော ကြားခဲ့သည်။

မိုဒီ၊ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ကို တွေ့ရစဉ်

“အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ အခင်းအကျင်းအပြီးမှာ ဘယ်လိုပုံစံ အသစ်မျိုးတွေ စတင်နေပြီဆိုတဲ့ အကြောင်းကို ပြသဖို့ ရှီက ဒီအစည်းအဝေးကို အသုံးချသွားပါလိမ့်မယ်” ဟု The China-Global South Project ၏ အယ်ဒီတာချုပ် အဲရစ် အိုလန်ဒါ ( Eric Olander) က ပြောကြားခဲ့သည်။

“BRICS အဖွဲ့ဟာ ထရမ့်ကို စိတ်အနှောင့်အယှက် ပေးနိုင်တာကို တွေ့ခဲ့ရတာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို အဖွဲ့တွေ ဖွဲ့နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် အစည်းအဝေးသည် ၂၀၀၁ ခုနှစ်က SCO အဖွဲ့ စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အစည်းအဝေး ဖြစ်လာလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ် အတွင်း ပြောကြားခဲ့သည်။

SCO အဖွဲ့သည် နိုင်ငံတကာ ဆက်ဆံရေးများတွင် ပုံစံအသစ်တစ်ခုကို ထူထောင်နေသည့် အရေးကြီးသော အင်အားစု ဖြစ်သည်ဟုလည်း တရုတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: ရိုက်တာ