CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံမှာ တပ်စွဲထားရသော အမေရိကန်စစ်သားများ အတွက် စစ်အခြေစိုက် စခန်းလိုချင်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae-myung) သည် ဩရုတ် ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အိမ်ဖြူတော်တွင် ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း မျှော်မှန်းမထားသည့် စိန်ခေါ်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
လီ၏ ပြောရေးဆိုခွင့်ရှိသူ ကန်ယူယွန်း (Kang Yu-jung) ကမူ ထိုအစည်းအဝေးသည် အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့သဖြင့် ပူးတွဲကြေညာချက် ထုတ်ပြန်ရန် မလိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို အပြုသဘော ဆောင်သည့်ဘက်မှ ရှုမြင်ရန် ၎င်းက ကာကွယ်ပြောဆိုခဲ့ သည်။
သို့သော် ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့သည့် အချက်က တောင်ကိုရီးယားနှင့် အမေရိကန်ကြား သဘောထား ခြင်း မတိုက်ဆိုင်သော ပြဿနာအချို့ ရှိနေသည့်အချက်ကို ပေါ်လွင်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့ကို တွေ့ရစဉ်
ထိုပြဿနာများထဲတွင် တောင်ကိုရီးယား၌ ဖြန့်ကြက်ချထားသည့် အမေရိကန်စစ်သား ၂၈,၅၀၀ ၏ အခန်းကဏ္ဍ လည်း ပါဝင်ခဲ့သည်။
ထရမ့်က တောင်ကိုရီးယားရှိ အမေရိကန်စစ်သားများ တပ်စွဲထားသည့် စစ်စခန်းများ တည်ရှိသည့် မြေနေရာများ ကို အမေရိကန်က ငှားရမ်းအသုံးပြုခွင့်ထက် ပိုင်ဆိုင်ခွင့်ကို ပိုမိုရရှိလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ထရမ့်သည် လီနှင့် အစည်းအဝေး မပြုလုပ်မီ နှစ်နာရီခန့် အလိုကလည်း လီ အာဏာရလာခဲ့သည့် လုပ်ငန်း စဉ်များနှင့်ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ခဲ့သည်။
တောင်ကိုရီးယားတွင် ယခင်သမ္မတ ယွန်းဆော့ရွဲ (Yoon Suk-yeol) သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုအတွက် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ဇွန်လက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လီသည် အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။
“တောင်ကိုရီးယားမှာ ဘာတွေ ဖြစ်နေကြတာလဲ။ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်လား၊ ဒါမှမဟုတ် တော်လှန်ရေး လား” ဟု ထရမ့်က လီနှင့်မတွေ့ဆုံမီ နာရီပိုင်းအလိုတွင် လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
လက်ရှိတွင် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းသည် အမှုအခင်း များစွာနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို ထရမ့်က ရည်ညွှန်းပြီး ရေးသားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
