CNI International News

ဂါဇာစီးတီး၊ ဩဂုတ် ၂၇

အစ္စရေးက ဂါဇာမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံကို ဩဂုတ် ၂၆ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့သဖြင့် သတင်းထောက် အပါအဝင် လူ ၂၀ ဦးထက်မနည်း သေဆုံးကာ လူအများအပြား ဒဏ်ရာရသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ပထမအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာကို ဂျာနယ်လစ်များနှင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ကျန်းမာရေး ဝန်ထမ်းများက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ၂၂ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း ဆေးရုံများနှင့် ဂျာနယ်လစ်များကို တိုက်ခိုက် သည့် အစ္စရေး၏ တိုက်ခိုက်မှုများထဲမှ လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုထဲတွင် ပါဝင်ခဲ့သည်။

အစ္စရေးသည် ဂါဇာတွင် ဟားမာ့စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းမည်ဟု ကြုံးဝါးခဲ့ပြီးနောက် လူထူထပ်သည့် နေရာများ၌ ထိုးစစ်ကို အရှိန်မြှင့်တင်နေချိန်မှာ ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂါဇာဒေသမှာ သတင်းယူရင် သေဆုံးသွားတဲ့ သတင်းသမားကို ဂုဏ်ပြုနေကြစဉ်

သေဆုံးသူများထဲတွင် အေပီသတင်းဌာန၏ သတင်းထောက် တစ်ဦးဖြစ်သည့် မာရီယမ် ဒက်ဂါ (Mariam Dagga) အပါအဝင် ဂျာနယ်လစ် ၅ ဦး ပါဝင်ခဲ့သည်။

ရိုက်တာ သတင်းဌာနကလည်း ခန်းယူနစ် (Khan Younis) မြို့၏ နက်ဆာဆေးရုံ (Nasser Hospital) ၏ အပါ်ထပ်တွင် တိုက်ရိုက် သတင်းထုတ်လွှင့်နေချိန်၌ အစ္စရေး၏ ပထမအကြိမ် တိုက်ခိုက်မှုကြောင့် ရိုက်တာ သတင်းထောက်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အခြား ဂျာနယ်လစ်များနှင့် ကယ်ဆယ်ရေးလုပ်သားများသည် ပထမအကြိမ် တိုက်ခိုက်မှုပြီးနောက် အရေးပေါ် လှေကားပေါ်တွင် ရှိနေချိန်၌ ဒုတိယအကြိမ် တိုက်ခိုက်မှု ထိမှန်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကို အာရပ်သတင်း ချန်နယ်ဖြစ်သည့် Al Ghad က ဗွီဒီယိုရိုက်ကူး ထုတ်လွှင့်နိုင်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးကမူ ထိုတိုက်ခိုက်မှုသည် ဝမ်းနည်းဖွယ် မတော်တဆမှုဖြစ်ပြီး စစ်တပ်သည် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ စစ်သားများသည် ဆေးရုံအမိုးပေါ်တွင် တပ်ဆင်ထားသည့် ဟားမာ့စ်အဖွဲ့ ၏ ထောက်လှမ်းရေး ကင်မရာများကို ပစ်မှတ်ထားပြီး အမြောက်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သေဆုံးသည့် ဂျာနယ်လစ် ၅ ဦးအနက် အယ်လ်ဂျာဇီးယား၊ ရိုက်တာ၊ အေပီနှင့် Middle East Eye မီဒီယာတို့မှ ဂျာနယ်လစ်များ ပါဝင်ခဲ့သည်။

အေပီနှင့် ရိုက်တာ သတင်းဌာနများကမူ ထိုတိုက်ခိုက်မှုကို ဖြေရှင်းချက်ပေးရန် အစ္စရေး အာဏာပိုင်များကို ပူးတွဲ ပေးစာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။

Source: အေပီ