CNI International News

တဲလ်အဗစ်၊ အောက်တိုဘာ ၂၄

ဟားမာ့စ်၊ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့များနှင့် အစ္စရေးအကြား ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်တိုဘာ ၂၃ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

၁ နှစ်ကျော်ကြာ ဖြစ်ပွားလာသည့် စစ်ပွဲအတွင်း ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ (Yahya Sinwar) သေဆုံး မှုနှင့် ဟားမာ့စ်အဖွဲ့၏ အင်အားလျော့နည်းလာသည့် အခြေအနေကို အခွင့်ကောင်းယူ၍  ဆွေးနွေးညှိနှိုင်းမှုများ ဖြင့် ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လည်လွတ်မြောက်စေရန် လုပ်ဆောင်သင့်ကြောင်းလည်း ဘလင်ကင် က အစ္စရေးကို တိုက်တွန်းခဲ့သည်။

သို့သော် အစ္စရေးကမူ လက်ဘနွန်နိုင်ငံ၏ သမိုင်းဝင် ဆိပ်ကမ်းမြို့တစ်မြို့ကို ပြင်းထန်စွာ လေကြောင်း တိုက်ခိုက် ခဲ့သဖြင့် အစ္စရေးဘက်မှ တိုက်ခိုက်မှုများကို ရပ်နားမည့် လက္ခဏာမရှိပေ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုခံထားရသော မြို့ကိုတွေ့ရစဉ်

အစ္စရေးသည် အောက်တိုဘာ ၂၃ ရက်က လက်ဘနွန်နိုင်ငံရှိ ယူနက်စကိုစာရင်းဝင် တာယာ (Tyre) မြို့ကို လေကြောင်း တိုက်ခိုက်မည်ဖြစ်သဖြင့် ဒေသခံများကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ထုတ်ပြန်ခဲ့ ပြီးနောက် ၃ နာရီအကြာတွင် ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အစ္စရေးသည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဂါဇာဒေသရှိ ဟားမာ့စ်အဖွဲ့တို့ကို ချေမှုန်းသည့် စစ်ဆင်ရေး ကို အရှိန်မြှင့်တင်ခဲ့သဖြင့် မကြာသေးမီ သတင်းပတ်များကတည်းက တာယာမြို့မှ လူပေါင်း သောင်းချီ ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ဘလင်ကင်ကမူ အစ္စရေးသည် ဟားမာ့စ်အဖွဲ့၏ ခေါင်းဆောင်အများစုကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်၍ ဟားမာ့စ်အဖွဲ့၏ အင်အားအများစုကို ချေမှုန်းလိုသည့် ရည်ရွယ်ချက် အများစုသည် အောင်မြင်မှု ရရှိခဲ့ပြီဖြစ်သဖြင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်ရန်နှင့် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် နည်းလမ်းရှာဖွေသင့် သည်ဟု ပြောကြားခဲ့သည်။

ဘလင်ကင်နဲ့ဆော်ဒီ မင်းသားကို တွေ့ရစဉ်

"အခုအချိန်ဟာ အစ္စရေးဘက်က ရရှိထားတဲ့ အောင်မြင်မှုတွေကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ မဟာဗျူဟာမြောက် အောင်မြင်မှုအဖြစ် ပြောင်းလဲဖို့ အချိန် ကျရောက်လာခဲ့ပါပြီ။ အခုချိန်မှာ ဓားစာခံတွေကို အိမ်ပြန်ခေါ်ပြီး စစ်ပွဲကို အဆုံးသတ်ဖို့ အာရုံစိုက်လုပ်ဆောင်သင့်ပါပြီ" ဟု ဘလင်ကင်က ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ် (Riyadh) မြို့သို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘလင်ကင်၏ ခရီးစဉ်သည် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ အမေရိကန်၏ နောက်ဆုံး ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုဖြစ်ပြီး ထိုရွေးကောက်ပွဲ ရလဒ်သည် အမေရိကန်၏ အရှေ့အလယ် ပိုင်းမူဝါဒ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ