CNI International News

ကိုင်ရို၊ ဇန်နဝါရီ ၉

ဂါဇာတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို လျင်မြန်စွာ အဆုံးသတ်စေရန် အမေရိကန်နှင့် စက်မှု ထိပ်သီး ၇ နိုင်ငံ (G-7) မဟာမိတ်နိုင်ငံများက ကြိုးပမ်းလျက်ရှိကြောင်း အီတလီက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ၊ ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီနိုင်ငံ တို့မှ ထိပ်သီးအရာရှိများသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေချိန်တွင် အီတလီနိုင်ငံ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘလင်ကင်သည် အစ္စရေးနိုင်ငံသို့ မသွားရောက်မီ ဇန်နဝါရီ ၈ ရက်က ယူအေအီးနှင့် ဆော်ဒီအာရေဗျ နိုင်ငံများ တွင် ဂါဇာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်မည့် ပဋိပက္ခကို ရှောင်လွှဲရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ်

ဘလင်ကင်သည် ၅ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်ကို စတင်ခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ဂျော်ဒန်နှင့် ကာတာနိုင်ငံများတွင်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ထိုခရီးစဉ်သည် အောက်တိုဘာ ၇ ရက်က စတင် ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ၎င်း၏ ၄ ကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ်ဖြစ်သည်။

အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် အခြား လက်နက်ကိုင် စစ်သွေးကြွအဖွဲ့များကလည်း ဂါဇာပဋိပက္ခ တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်လာခဲ့ပြီး လက်ဘနွန်နယ်စပ်ရှိ အမေရိကန်တပ်ဖွဲ့များ၊ အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ၊ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အစ္စရေးကလည်း ၎င်းတို့ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းများအပေါ် အင်အားသုံး ဖြိုခွင့်မှုများ ပြုလုပ်လျက်ရှိသည်။

 ဂါဇာဒေသကို တွေ့ရစဉ်

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့ (Annalena Baerbock) ကလည်း ဇန်နဝါရီ ၈ ရက်တွင် အစ္စရေးသို့ ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂ၏ ထိပ်သီးသံတမန် ဂျိုးဆက် ဘော်ရဲလ် (Josep Borrell) ကလည်း လက်ဘနွန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

"G 7 အဖွဲ့ဝင် နိုင်ငံတွေဟာ ဂါဇာပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်နိုင်ဖို့ အစ္စရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်" ဟု G 7 ၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားသည့် အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ (Antonio Tajani) က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) ကမူ ဂါဇာဒေသတွင် ဟားမာ့စ်အဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းရန် ဆုံးဖြတ် ထားကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ