CNI International News

ဂျေရုဆလင်၊ ဧပြီ ၂၁

ပါလက်စတိုင်းစစ်သွေးကြွများသည် ဧပြီ ၂၁ ရက် (ယနေ့) အစောပိုင်းတွင် ဂါဇာကမ်းမြောင်မှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့ရာ အစ္စရေးလေယာဉ်များကလည်း အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုများသည် ယမန်နှစ် အစ္စရေး-ဂါဇာ ပဋိက္ခနှင့် တူညီသည့် စစ်ရေးတင်းမာမှုများ တကျော့ပြန် တိုးလာခဲ့ခြင်းဟု အေပီက ဆက်လက် ရေးသားထားသည်။

နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများလည်း ဂျေရုဆလင်တွင် မတည်မငြိမ်ဖြစ်နေခဲ့သည့် အစ္စရေး-ပါလက်စတိုင်း တင်းမာမှုများ နောက်ပိုင်း ပေါ်ပေါက်လာခဲ့သည်။

ဧပြီ ၂၀ ရက်တွင် ရာနှင့်ချီသော အမျိုးသားရေး အစွန်းရောက်ဝါဒီများသည် အစ္စရေးအလံများ ဝှေ့ယမ်းရင်း ဂျေရုဆလင် မြို့တော်ဟောင်း တဝိုက်ရှိ ပါလက်စတိုင်း အများစုနေထိုင်ရာ နယ်မြေများဆီသို့ ချီတက်ခဲ့ ကြခြင်းအားဖြင့် အငြင်းပွားနေ သော မြို့တော်အတွက် အစ္စရေးတို့ ထိန်းချုပ်နိုင်မှု အတိုင်းအတာကို တစိတ်တပိုင်း ပြသခဲ့ကြသည်။

ယမန်နှစ်က အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ၁၁ ရက်ကြာ စစ်ပွဲမတိုင်မီက အဓိက အချက်အချာ ဖြစ်ခဲ့သော ဂျေရုဆလင် မြို့ဟောင်း၏ ဒမတ်စကက်ဂိတ်သို့ ဦးတည်ရာ လမ်းမကို ယခုအခါ ရဲများက ပိတ်ဆို့ထားခဲ့သည်။ အဆိုပါ ပိတ်ဆို့ထားသည့် အတားအဆီးများအနီးတွင် ချီတက်ကြသူများက ရဲများကို တွန်းထိုးဖယ်ရှားလျက် အစ္စရေးအလံများ ဝှေ့ယမ်းရင်း ကြွေးကြော် သံများ အော်ဟစ်ခဲ့ကြသည်။

အစ္စရေးအမျိုးသားရေးများနဲ့ ပါလက်စတိုင်းများ အငြင်းပွားမှုဖြစ်ကြ(AP)

မြို့ဟောင်းရှိ တောင်ထိပ်သည် ဘာသာရေး အသီးသီး၏ အထွတ်အမြတ် နေရာဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ စိတ်လှုပ်ရှားစရာ ခံစားချက်ကို ထုတ်ဖော်ရာနှင့် ယခင် အကြမ်းဖက်မှုများအတွက် မမေ့နိုင်စရာ ဖြစ်နေခဲ့သည်။

အယ်လ်ကွာစာ (Al Aqsa) ဗလီဝင်းဟု မွတ်ဆလင်တို့ ခေါ်ကြသည့် နေရာသည် အစ္စလာမ်ဘာသာ၏ တတိယမြောက် အမြင့် မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားသည်။ ထိုနေရာကိုပင် ဂျူးဘာသာကလည်း အမြင့်မြတ်ဆုံး နေရာဟု တလေးတစား ရှိ ကြပြီး ဂျူးလူမျိုး၏ ကျမ်းစာလာ ဘုရားကျောင်း ပရိဝုဏ်လည်း ဖြစ်သည်။

မွတ်ဆလင် ဘာသာရေး ဆရာများ အုပ်ချုပ်သည့် ဗလီသည် အစ္စရေးတို့ သိမ်းပိုက်ထားသည့် အရှေ့ဂျေရုဆလင်တွင် ပါလက်စတိုင်း လူမျိုးများအတွက် ရှားရှားပါးပါး နေရာတစ်ခု ဖြစ်နေသည်။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် အစ္စရေးတို့ သိမ်းပိုက်ခဲ့သော အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းတို့က အနာဂတ် တွင် ၎င်းတို့ပိုင်ဆိုင်လာရမည်ဟု သန္နိဋ္ဌာန်ချထားကြသည်။

အစ္စရေးက ဂါဇာဘက်ကို ဒုံးကျည်ပစ်တိုက်ခိုက်(AP)

ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့များဖြစ်ကြသည့် အာဏာရ ဟားမတ်စ်အုပ်စုနှင့် အစ္စလာမ္မစ် ဂျီဟက် အဖွဲ့ငယ်များ သည် ဂျေရုဆလင်၏ သန့်ရှင်းသော နေရာအတွက် ခုခံကာကွယ်သူများအဖြစ် ၎င်းတို့ကိုယ်ကို သတ်မှတ်၍ ရပ်တည်နေကြ သည်။

ဂါဇာဘက်မှ ဒုံးကျည်များ ညလုံးပေါက် အဆက်မပြတ် ပစ်လွှတ်ခဲ့ရာ ယနေ့(ဧပြီ ၂၁ ရက်) အစောပိုင်း ပစ်လွှတ်လိုက်သည့် ဒုံးကျည် ၄ စင်းကို အစ္စရေးဘက်မှ ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အဆိုပါ ဖြစ်ကြောင့် အသေအပျောက် (သို့မဟုတ်) ပျက်စီးဆုံးရှုံးမှုများကို လတ်တလော မည်သူကမျှ ထုတ်ဖော်ပြောကြား ခြင်း မရှိသေးသော်လည်း ဒုံးကျည်ပစ်ခတ်မှု အားလုံးအတွက် ဟားမတ်စ်တွင် တာဝန်ရှိကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

ဧပြီ ၂၁ ရက် အစောပိုင်းတွင် အစ္စရေး တိုက်လေယာဉ်များက ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှု များ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

Source: AP