CNI International News

တဲလ်အဗစ်၊ ဒီဇင်ဘာ ၁၁

ဆီးရီးယားသမ္မတ အာဆတ် (Bashar Assad) ၏ အစိုးရအဖွဲ့ ပြုတ်ကျသွားမှုသည် အိမ်နီးချင်း အစ္စရေးနိုင်ငံ အတွက် ကြီးမားသည့် အန္တရာယ်နှင့် အခွင့်အလမ်းတစ်ခု ယှဉ်တွဲမှုဖြစ်လာနိုင်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အစ္စရေးသည် လပေါင်းများစွာကြာ စစ်မျက်နှာ အများအပြားဖွင့်ပြီး တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် ဆီးရီးယား ၏ မတည်ငြိမ်မှုသည် အစ္စရေးနိုင်ငံအတွင်း ပျံ့နှံ့လာမည့်အရေးကို အစ္စရေးအစိုးရက စိုးရိမ်နေသည်။

တစ်ချိန်တည်းမှာပင် အာဆတ် အစိုးရပြုတ်ကျမှုသည် ဆီးရီးယားနိုင်ငံမှဖြတ်ပြီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်များ မှောင်ခိုသွင်းနေသည့် အီရန်၏ စွမ်းဆောင်ရည်ကို နှောင့်ယှက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟုလည်း အစ္စရေးက ရှုမြင်ထားသည်။

အစ္စရေးစစ်တပ်သည် ၎င်း၏ နယ်စပ်ဒေသလုံခြုံရေးကို အကြောင်းပြပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆီးရီးယားရှိ စစ်မဲ့ဇုန်ကို ထိန်းချုပ်ခဲ့ကြောင်း၊ ထိုသို့ ထိန်းချုပ်ခြင်းသည် ယာယီသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဆီးရီးယားအကြား ၁၉၄၇ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အဖြစ် တည်ထောင်ခဲ့ သည့် ထိုစစ်မဲ့ဇုန်ကို အစ္စရေးက ဝင်ရောက်ထိန်းချုပ်ခဲ့မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြသည်။

အစ္စရေးသည် ဆီးရီးယား၏ နိုင်ငံရေး အကျပ်အတည်းကို အမြတ်ထုတ်ပြီး နယ်မြေသိမ်းပိုက်မှု ပြုလုပ်လာနိုင် ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။

အာဆတ် ပြုတ်ကျသွားလို့ ဆီးရီးယားမှာ အောင်ပွဲခံနေကြစဉ်

အစ္စရေးသည် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းကလည်း ဆီးရီးယားနိုင်ငံ၏ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စရေး၏ နယ်မြေအတွင်း သွတ်သွင်းခဲ့သည်။

ထို့ကြောင့် အာဆတ်အစိုးရအဖွဲ့ ပြုတ်ကျသွားမှုသည် အစ္စရေးအတွက် ကောင်းကျိုး၊ ဆိုးကျိုးများ ရောပြွန်းနေ သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အစ္စရေးအတွက် အန္တရာယ်ဖြစ်လာနိုင်သည့် အချက်မှာ ဆီးရီးယား၏ တည်ငြိမ်မှု ပျက်ယွင်းနေသော အခြေအနေ က အစ္စရေးနယ်နိမိတ်အတွင်း ပျံ့နှံ့လာမည့်အရေးဖြစ်ပြီး ထိုအရေးကိုလည်း အစ္စရေးက စိုးရိမ်နေသည်။

အစ္စရေးအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ရမည့် အချက်မှာလည်း အစ္စရေးသည် ဆီးရီးယားတွင် အီရန်က ထောက်ပံ့ပေးထားသည့် အာဆတ်၏ အစိုးရကို ဖြုတ်ချခဲ့သည့် သူပုန်များနှင့် ထိတွေ့ဆက်ဆံကာ အီရန်၏ ဩဇာ လွှမ်းမိုးမှုအား လျှော့ချနိုင်မည့်အချက် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အေပီ