CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀

အမေရိကန်သည် ဆီးရီးယားနိုင်ငံအတွင်းရှိ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များ၊ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဆီရီးယားတွင် သမ္မတအာဆတ် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး သူပုန်များက ဒမတ်စကတ် (Damascus) မြို့တော်ကို ထိန်းချုပ်ကြောင်း ကြေညာခဲ့ပြီးနောက် ဘိုင်ဒန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"နောက်ဆုံးတော့လည်း အာဆတ်အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ပါပြီ" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ၏ အခင်းအကျင်းအသစ်ကို အာရုံစိုက် စောင့်ကြည့်နေသည်ဟု ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်

ဆီးရီးယားနိုင်ငံသည် အန္တရာယ်များနှင့် မသေချာမှု ကာလနှင့်ရင်ဆိုင်ခဲ့ရကာ ယခုအကြိမ်သည် ဆီးရီးယား၌ သြဇာလွှမ်းမိုးထားသည့် ရုရှား၊ အီရန်နှင့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့များ ပါဝင်ခြင်းမရှိသည်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက အာဆတ် အစိုးရအဖွဲ့ကို အီရန်၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့က အဓိက ထောက်ခံပေးခဲ့ ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်အတွင်းမှာပဲ သူတို့ရဲ့ ထောက်ခံမှုတွေ ပြိုလဲသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ကျနော် စတင်ရုံးထိုင်တဲ့ အချိန်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနေ့အချိန်မှာ ပိုပြီး အားနည်းလာတာကြောင့် ဖြစ်ပါတယ်" ဟု ၂၀၂၁ ခုနှစ်တွင် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ဘိုင်ဒန်က ပြောသည်။

ဆီးရီးယားသည် အန္တရာယ်များ မရေရာမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ကာလရှိခဲ့ပြိး အမေရိကန်က တတ်နိုင်သည့် ဘက်မှ ကူညီပေးသွားမည်ဟု ၎င်းက ဆိုသည်။

ဆီးရီးယားသမ္မတ အာဆတ်ပုံကို တွေ့ရစဉ်

သို့သော်လည်း  အမေရိကန်သည် ဆီးရီးယားနိုင်ငံအတွက် လုပ်ဆောင်မည့် အစီအစဉ် အသေးစိတ်ကို ကမ်းလှမ်း ရန် အစီအစဉ်မရှိကြောင်း၊ ဆီးရီးယား၏ အနာဂတ်ကို ဆီးရီးယားပြည်သူများကသာ ရေးဆွဲ လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်သည် ဆီးရီးယားရှိ ဓာတုလက်နက်များ လုံခြုံရေးကို စိတ်ချသေချာစေရန် လုပ်ဆောင်မည်ဖြစ်သည်။

ထိုဓာတုလက်နက်များ လုံခြုံရေးတွင် ဆီးရီးယားရှိ အမေရိကန်စစ်သားများ ပါဝင်လုပ်ဆောင်သွားမည် ဟုတ်၊ မဟုတ်ကို မသိရသေးကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိသည် အိုင်အက်စ် စစ်သွေးကြွများကို နှိမ်နင်းရန် ဆီးရီးယားအရှေ့ပိုင်းတွင် ဖြန့်ကြက်ချထားသည့် အမေရိကန်စစ်သား ၉၀၀ ခန့်ကိုလည်း ဆက်လက် ထားဖွယ်ရှိကြောင်း နောက်ထပ် အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

Source: ရိုက်တာ