CNI International News
ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၀
ဆီးရီးယားနိုင်ငံတွင် သမ္မတအာဆတ်(Bashar al-Assad) နိုင်ငံအတွင်းမှ ထွက်ပြေးသွားပြီးနောက် သူပုန်များက ဒမတ်စကတ် (DAMASCUS) မြို့တော်ကို ထိန်းချုပ်ကြောင်း ကြေညာခဲ့၍ နိုင်ငံရေးအခြေအနေမှာ သေချာရေရာမှု မရှိသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆီးရီးယားတွင် ၁၃ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် အာဆတ် မိသားစု၏ နှစ်ပေါင်း ၅၀ ကြာ အုပ်ချုပ်မှု လည်း အဆုံးသတ်သွားခဲ့သည်။
ထို့နောက် အာဆတ်အလွန် ဆီးရီးယားနိုင်ငံ အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေကြသည်။
လတ်တလော ရက်များအတွင်း ဒမတ်စကတ်မြို့တော်၌ သူပုန်များက လုံခြုံရေး တင်းကျပ်ထားကာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး စျေးဆိုင်အများစုမှာ ပိတ်ထားဆဲဖြစ်သည်။
အာဆတ်အစိုးရကို တိုက်ပွဲဝင်ရန် ၂၀၁၁ ခုနှစ်ကတည်းက လက်နက်ကိုင်ခဲ့သည့် အစ်ဒလစ် (Idlib) ပြည်နယ်မှ ဖီယာဒေါ့စ် အိုမာ (Firdous Omar) အမည်ရှိ တိုက်ခိုက်ရေးသမား တစ်ဦးကမူ သူသည် ယခုအခါတွင် လက်နက် ကိုစွန့်ပြီး လယ်သမားအလုပ်ကို ပြန်လည်လုပ်ကိုင်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားသမ္မတ အာဆတ် ပြုတ်သွားလို့ အောင်ပွဲခံနေကြစဉ်
"ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ပြည့်မြောက်သွားပါပြီး။ နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက အုပ်ချုပ်ရေး ပိုင်းမှာ တာဝန်ယူ စေချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယားတွင် အာဆတ်၏ ကျရှုံးမှုနှင့်အတူ ဒေသတွင်း အာဆတ်၏ မဟာမိတ်များဖြစ်သည့် အီရန်နှင့် ရုရှားတို့ ၏ ဩဇာလွှမ်းမိုးမှုလည်း အနည်းနှင့်အများဆိုသလို ကျဆင်းခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အာဆတ်၏ ရန်သူများနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် တူရကီကမူ ဒေသတွင်း ဩဇာကြီးမားလာခဲ့ပြီး အစ္စရေးကလည်း အာဆတ်၏ ကျရှုံးမှုသည် အီရန်ကျောထောက်နောက်ခံပြု မဟာမိတ်များအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာရပ်ကမ္ဘာသည်လည်း အရှေ့အလယ်ပိုင်းဒေသ၏ အခရာကျသည့် နိုင်ငံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် ဆီးရီးယားပြဿနာ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့သည် ဆီးရီးယားအရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ