CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀
လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဟု ပြောကြားနေသည့် ရွေးကောက်ပွဲအား နာဂဒေသမှ ပြည်သူများသည် စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြော သည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က UEC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။
လာမည့် ရွေးကောက်ပွဲသည် ပိုကောင်းသည့် အခင်းအကျင်းတစ်ခု သို့မဟုတ် ပိုကောင်းသည့် အခြေအနေတစ်ခု ဖြစ်လာစေမည်လားဆိုကာ နာဂတိုင်းရင်းသားများမှ မျှော်လင့်နေကြပြီး စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂဒေသ တစ်ခုကို တွေ့ရစဉ် (Lars Krutak)
၎င်းက “နိုင်ငံရေးအနေနဲ့ကတော့၊ နိုင်ငံရေးအနေနဲ့ဆိုတာ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ နိုင်ငံရေး က တိုက်ပွဲဖြစ်နေတယ်ဆိုတော့ နိုင်ငံရေးက တစ်တိုင်းတစ်ပြည်လုံးဖြစ်တော့ နိုင်ငံရေးက သေနေသလို ဖြစ်တာ ပေါ့ဗျာ၊ စစ်ရေးစစ်ရာထဲမှာပဲ ဖြစ်နေတဲ့ အနေအထားမျိုးဆိုတော့ အဲဒီသဘောသဘာဝ ကျနော်တို့ဆီမှာလည်း သက်ရောက်တာပေါ့။ သို့သော်ငြားလည်း အခုက ရွေးကောက်ပွဲလုပ်မယ် ဘာညာဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့ အခြေအနေတစ်ခုမှာ ပြည်သူတွေက စိုးရိမ်ပူပန်မှုနဲ့ အမြဲတမ်း စိတ်ဆင်းရဲပြီး နေနေရတာ ထက်စာရင်တော့ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေတစ်ခုက ပိုပြီးတော့ ကောင်းတဲ့ လမ်းကြောင်းဘက်ကို ရောက်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ စိတ်ဝင်စားတာမျိုးတွေရှိတယ်၊ စိတ်ဝင်စား တာမျိုးတွေ ရှိတယ်ဆိုတာ ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး၊ ပိုကောင်းတဲ့ အခင်းအကျင်းတစ်ခု ပိုကောင်းတဲ့ အခြေအနေတစ်ခု၊ ဒီဟာကြီးက ဘယ်တော့ပြီးဆုံးမလဲ၊ ပြီးဆုံးမဲ့ အရာတစ်ခု အတွက် လမ်းစတစ်ခုများ ဖြစ်လာမလားဆိုတဲ့ သဘောထား အမြင်လေးတွေနဲ့ စဥ်းစားတွေးခေါ် နေကြတဲ့ နိုင်ငံရေးပုံစံမျိုးတော့ ရှိပါတယ်ဗျ” ဟု ပြောသည်။
နာဂတောင်တန်းဒေသသည် ပြည့်စုံမှုမရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ကျောင်းဆရာ/ဆရာမ မလုံလောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခွန်များ ကောက်ခံမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေး နေခြင်းများဖြင့် ရင်ဆိုင်နေကြရသည်။
ပြည်မမှ တိုင်းရင်းသား နယ်မြေများသို့ ကုန်စည်စီးဆင်းမှုများသည် နှောင့်နှေးနေပြီး ကုန်ပစ္စည်းတစ်ခုရောက်ဖို့ အနည်းဆုံး ၆ လခန့် ကြာမြင့်ကြောင်း၊ ထို့ကြောင့် နာဂဒေသအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ထွက်ပေါက်တစ်ခု အဖြစ် အိန္ဒိယနိုင်ငံကိုသာ အားကိုးနေရကြောင်း သိရသည်။
နာဂဒေသ တစ်ခုကို တွေ့ရစဉ် (Lars Krutak)
လက်ရှိတွင် အိန္ဒိယမှ နယ်စပ်ဂိတ်(ပန်ဆောင်)များ ပြန်လည်ဖွင့်လှစ်လိုက်၍ နာဂဒေသ အနေဖြင့် ကြိုဆိုကြောင်း၊ ရေရှည်အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော် လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်နှင့် လုံခြုံရေးထိခိုက်မှု များအား သတိပြုရမည်ဖြစ်ကြောင်း၊ လက်ရှိ နာဂဒေသတွင် စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများမရှိသေးသော် လည်း စိုးရိမ်ပူပန်မှုများ ပြည်သူများတွင် ရှိနေကြကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂဒေသက လောလောဆယ်တော့ စစ်ရေးလှုပ်ရှားမှုတွေတော့ တိုက်ပွဲ အနေအထားတွေတော့ ဒီလိုတော့မရှိပါဘူး၊ ဒါပေမယ့် တိုက်ပွဲမရှိတော့ လောလောဆယ်တော့ ကျနော်တို့ ငြိမ်းချမ်းသေးတယ်လို့ ပြောလို့ ရတာပေါ့နော်၊ အဲလိုတော့ရှိတယ်။ သို့သော်ငြားလည်း ဒီဘယ်နေ့ဘယ်ချိန်မှာပဲ ကျနော်တို့ဆီ တိုက်ပွဲတွေ ဖြစ်လာ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပြည်သူတွေကြားမှာတော့ ရှိပါတယ်။ အဲလိုမျိုးရှိတယ်၊ နောက်ကျန်တဲ့ ဟာတွေက တော့ ပုံမှန်လည်ပတ်နေတဲ့ နယ်မြေတစ်ခု အဲလိုတော့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ပြည်သူများ၏ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေ၊ စားဝတ်နေရေး၊ ကုန်စျေးနှုန်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အားလုံးသည် ရွေးကောက်ပွဲမှ ပေါ်ထွန်းလာမည့် အစိုးရအနေဖြင့် အာဏာခွဲဝေမှု ပုံသဏ္ဍာန် ပြန်ပေါ်လာလျှင် ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌသည် ပြောကြားထားသည်။