CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈
မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁)တွင် နာဂအမျိုးသားပါတီ(NNP)သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မဲဆန္ဒနယ် အားလုံး၌ အနိုင်ရရှိခဲ့ကြောင်း နာဂအမျိုးသား ပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကို စတင် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
နာဂအမျိုးသားပါတီ(NNP) အနေဖြင့် ရွေးကောက်ပွဲအပိုင်း (၁)တွင် နာဂဒေသ အားလုံး၌ အနိုင်ရထားပြီး ဟုမ္မလင်းမြို့နယ်မှာတော့ နိုင်သူအကုန်ယူ(FPTP)စနစ်ဖြင့် တိုင်းဒေသကြီးတွင် ရှုံးနိမ့်ခဲ့ကြောင်း နာဂအမျိုးသား ပါတီ(NNP)ဥက္ကဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ ကျနော်တို့ အားလုံးနိုင်တယ်ဗျ။ ပြည်သူ့လွှတ်တော်ရော မဲဆန္ဒ နယ် အကုန်နိုင်တာပေါ့နော်။ အဲ့ဒီလို နိုင်ထားတယ်။ နန်းယွန်း ၃ မြို့နယ်၊ ပြီးတော့ ခန္တီးမှာက အကုန်နိုင်ထား တယ်။ ရှုံးထားတဲ့ မြို့နယ်ဆိုတာမျိုးက ကျနော်တို့က ဟိုဟာ ဟုမ္မလင်းမြို့နယ်မှာ ကျနော်တို့ နိုင်သူအကုန်ယူ၊ တိုင်းမှာ ပြိုင်တဲ့သူက အဲ့ဒါကတော့ ကျနော်တို့ ရှုံးပါတယ်ဗျ။ ရှုံးပြီးတော့။ ကျန်တဲ့ဟာတွေကတော့ PR တွေနဲ့ ပြိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တချို့ဟာတွေက PR တွေ ရှိသေးတယ်ဗျ။ PR တွေရှိတော့ ကျနော်တို့က အဲ့ဒီ နိုင်သူအကုန်ယူကိုပဲ လောလောဆယ်တော့ ပြောလို့ရမှာပေါ့နော်။ PR တွေက ဘယ်လောက်ပါမလဲ ဘာညာ ဆိုတာ ကျနော်တို့ သေချာမသိရဘူး။ ဒါပေမယ့်လို့ အပြတ်အသတ် နိုင်ထားတာပါဗျ၊ ကျနော်တို့က”ဟု ပြော သည်။

နာဂအမျိုးသားပါတီ စည်းရုံးရေး ဆင်းနေကြစဉ်
လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အားလုံး အနိုင်ရထားကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဒုတိယနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ နာဂ အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်နီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီတို့က တတိယ အဖြစ် အနိုင်ရရှိထားသည်။
ရွေးကောက်ပွဲအပိုင်း (၁)တွင် နာဂအမျိုးသားပါတီသည် ၅ မြို့နယ်ကို ဝင်ပြိုင်ခဲ့ကြောင်း၊ PR စနစ်ဖြင့် ဝင်ပြိုင် သည့် ကိုယ်စားလှယ်များ ကျန်သေးကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂအမျိုးသားပါတီဥက္ကဋ္ဌ ဦးရှုမောင်ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂတောင်ကို နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရယ်၊ ခန္တီး၊ ဟုမ္မလင်းရယ် အဲ့ဒီမှာ ၅ မြို့နယ်ကို ပြိုင်တာပေါ့နော်။ ကျနော်တို့က ကိုယ်စားလှယ်ဦးရေက အဲ့ဒါက ကျနော်တို့က PR ကိစ္စတွေမှာရှိတယ်ဗျ။ PR ကိစ္စတွေမှာ ရှိတော့က PR ကိစ္စတွေ ၁, ၂, ၃။ အပိုင်း (၃) ပိုင်းလုံးပြီး မှပဲ အားလုံး ဘယ်လို အနေအထားလဲဆိုတော့ ကျနော်တို့က အဲ့ဒီဟာ အရေအတွက်က အခုချိန်မှာ ဟိုဟာပေါ့ နည်းနည်းတော့ ပြောရခက်တယ်ပေါ့နော်။ ဒါပေမယ့်လည်း ပြည်သူ့လွှတ်တော်ရယ်၊ ပြည်သူ့လွှတ်တော်က မြို့ နယ် ၄ ခု ကျနော်တို့ နိုင်ထားတယ်။ အမျိုးသားလွှတ်တော် တစ်နေရာ ကျနော်တို့ နိုင်ထားတယ်။ ဒီတိုင်းဒေသက ၄ နေရာ ကျနော်တို့ နိုင်ထားတယ်”ဟု ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း စုစုပေါင်း ၆ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးဒေသ ဖြစ်သည်။
နာဂဒေသသည် တောင်တန်းဒေသ ဖြစ်သောကြောင့် ပြည့်စုံမှု မရှိသည့်အပြင် ကျောင်းဆရာ/ဆရာမ မလုံ လောက်မှု၊ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခွန်များ ကောက်ခံရမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
