CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြီးနောက် ကြိုတင်မဲပေးမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောဆိုနေမှုများအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ဥပဒေနှင့်အညီ ရပ်တည်ဆောင်ရွက်နေခြင်းသာ ဖြစ် ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ကြိုတင်မဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်မှ ဖိတ်ကြားသည့်အခါတွင် အခြားနိုင်ငံရေးပါတီများ နည်းတူ သွားရောက် ကြည့်ရှုခဲ့သော်လည်း လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေသော စောင့်ကြည့်မှုမျိုးဖြင့်သာ ကြည့်ရှုခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ကျနော် ပြောပြမယ် ကြိုတင်မဲကို အခုကျနော်တို့ တစ်တွေသည် သတ်မှတ်ထားတဲ့ သတ်မှတ် ချက်များနဲ့အညီ ကျနော်တို့ရဲ့ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်တွေက စောင့်ကြည့်ပါတယ်။ နောက် မဲပေး တဲ့သူတွေကလည်းပဲ ကြိုတင်မဲပေးတဲ့ နေရာမှာ စည်းကမ်းတကျ ပေးကြတာကို တွေ့ရပါတယ်။ သူ့မှာဖြည့်ရမယ့် ပုံစံတွေရှိတယ်။ အဲဒီပုံစံတွေကို အတိအကျဖြည့်ပြီးတော့မှ ကြိုတင်မဲ ပေးရတဲ့အတွက် ဒီကြိုတင်မဲပေးတဲ့ ကိစ္စ သည် ပြည်ခိုင်ဖြိုးပါတီသည် ဥပဒေနဲ့အညီ ရပ်တည်ပြီးတော့ ဆောင်ရွက်နေတယ်လို့ ဒီလိုပဲပြောချင်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိခြင်း မရှိခြင်းက ကျနော်တို့က ရွေးကော်ပေါ့။ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြား တယ်ဆိုရင် နိုင်ငံရေးပါတီတွေက သွားကြတယ်။ အဲဒီသွားကြတဲ့ရှေ့မှာ လုပ်ကြကိုင်ကြတယ် ဆိုတာ ကျနော်တို့ သိတယ်။ သိတဲ့အခါကြတော့ အဲဒါသည်လည်းပဲ ကျနော်တို့ အပိုင်းနဲ့တော့ သိပ်ပြီး မဆိုင်ဘူး။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် အခြားသော နိုင်ငံရေးပါတီများ နည်းတူပေါ့ ကျနော်တို့ကို ဖိတ်ကြားတယ်၊ လှမ်းခေါ် တယ်ဆိုရင် ကျနော်တို့ သွားပြီး ကြည့်တယ်၊ ကြိုတင်မဲ ပေးမှု၊ မပေးမှုကို။ သွားကြည့်တယ်ဆိုတာ လျှို့ဝှက်ဆန္ဒမဲ ပေးခြင်းကို မထိခိုက်စေသော စောင့်ကြည့်မှုမျိုးနဲ့ ကျနော်တို့ရဲ့ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်တွေက သွားကြပါတယ်” ဟု ပြောသည်။

မဲပေးနေကြစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြီးနောက် မဲရလဒ်များအနေဖြင့် USDP ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာရ ၈၀ ရာခိုင်နှုန်းဝန်းကျင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
USDP ပါတီသည် အခြားနိုင်ငံရေးပါတီများကို ကြိုတင်မဲများဖြင့် အများစု အသာစီးရကာ အနိုင်ရရှိသွားခြင်း ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြထားကြသည်။
ကြိုတင်မဲ အများစုသည်လည်း အစိုးရဝန်ထမ်းများသာဖြစ်ကြသဖြင့် ယခုကဲ့သို့ အသာစီး ရခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
USDP ပါတီ ကြိုတင်မဲ၌ အားသာခြင်းသည် ပြည်သူလူထု၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပါတီ၏ ပြောရေးဆို ခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ကျားဖြူပါတီနဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ၂ ဦးကို တွေ့ရစဉ်
၎င်းက “အဲဒါကြတော့ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ဗျ။ ကျနော်တို့ကတော့ ကြိုတင်မဲရော၊ တပ်ထဲမှာ ထည့်တဲ့ မဲ ရောက ကျနော်တို့တွေ ဘယ်လိုပြည်သူနဲ့ ထိတွေ့တယ်ဆိုတဲ့ဟာက တခြားသော ပုဂ္ဂိုလ်များလည်း သိကြပါလိမ့် မယ်။ ကျနော်တို့သည် ပါတီရဲ့ လုပ်ငန်း၊ ပြည်သူရဲ့အကျိုးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ၁၀-၁၅ နိုင်ခဲ့ တုန်းကလည်း ပြည်သူကောင်းကျိုးကို ပိုမို ထိထိရောက်ရောက် ဆောင်ရွက်တယ်။ ၁၅ ရှုံးသွားတဲ့ နောက်ပိုင်းမှာ လည်း ကျနော်တို့တွေသည် ပြည်သူအရေးဆိုရင် ကျနော်တို့ပါတီက အစဉ်အမြဲ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စောင့်ရှောက်တဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကြိုတင်မဲနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုဆိုကာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့ အကြောင်းကြားထားသည်။
ရွေးကောက်ပွဲ မဲပေးသည့်ရက်တွင် ဥပဒေအရ ကြိုတင်မဲပေးမှု မည်မျှရှိသည်ဆိုသော စာရင်းအား မဲရုံတွင် ကပ် ထားရမည် ဖြစ်သော်လည်း မဲရုံအများစုတွင် ထိုသို့ လုပ်ဆောင်ခြင်းမျိုး မတွေ့ရသဖြင့် မည်သူတို့က ကြိုတင်မဲ ပေးကြသည်ကို ပါတီများအနေဖြင့် မသိရကြောင်းလည်း နိုင်ငံရေးပါတီများက ပြောသည်။
