CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခြင်းဖြင့် နာဂဒေသအား ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

နာဂဒေသသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအနက် တမူထူးခြားသည့် ယဉ်ကျေးမှုနှင့် ရိုးရာ၊ နေထိုင်ပုံများ ရှိသည့်အတွက် ခရီးသွားလုပ်ငန်းဖြင့် ဆွဲဆောင်၍ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံအတွက် ဝင်ငွေကို ဖော်ဆောင်၍ ရမည်ဖြစ်သည်။

သို့သော်လည်း နာဂဒေသသည် ဝေးလံသည့်အပြင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးများ လိုအပ်ချက် ရှိသည့်အတွက် စီးပွားရေးလုပ်ငန်းဖော်ဆောင်ရန် ခက်ခဲကြောင်း၊ သို့သော်လည်း နာဂဒေသတွင် ရင်းနှီးမြှုပ်နှံမှု များ လုပ်ဆောင်မည့် သူများကို အထူးအခွင့်အရေးများပေး၍ အစိုးရက ဆောင်ရွက်သင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

နာဂဒေသက ကျေးရွာတစ်ရွာကို တွေ့ရစဉ်

၎င်းက “နာဂဒေသဆိုတာ မြန်မာနိုင်ငံထဲမှာ ထူးခြားတဲ့ ဒေသတစ်ခုပေါ့နော်။ ဒီဒေသမှာ investment လုပ်မယ်ဆို ရင် ကျနော်တို့ အဓိက လုပ်လို့ရတဲ့ အပိုင်းကတော့ ကျနော်တို့ ခရီးသွားကဏ္ဍပေါ့နော်။ Travel & Tours တွေမှာ ဒီလူမျိုးတွေရဲ့ နေထိုင်မှုပုံစံ culture ပေါ့နော် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံက ကွဲပြားတဲ့ ပုံစံတစ်ခုမှာ ရှိပြီး တော့ ပြည်တွင်းမှာတင် မဟုတ်ဘဲနဲ့ ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခု ဖြစ်တဲ့အခါကျတော့ Greenland အနေနဲ့ ဒီဒေသကို အသုံးပြုပြီးတော့ Travel & Tours တွေ စီစဉ်နိုင်မယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးရေး အတွက်လည်း ရနိုင်သလို နိုင်ငံအတွက်လည်း ဘတ်ဂျက်တွေ ရလာနိုင်တယ်။ ဒီနေရာမှာ တစ်ခု စဉ်းစားပေးရမှာ က နာဂဒေသက ဖွံ့ဖြိုးမှု နောက်ကျတဲ့ အထဲမှာပါတယ်။ သို့သော် ဒီဒေသက လက်ရှိ တည်ငြိမ်အေးချမ်းတဲ့ ဒေသ တစ်ခု ဖြစ်တဲ့အခါကျတော့ ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားတွေ လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စီစဉ်ဆောင်ရွက်မှုအပေါ်မှာ စောင့်ကြည့်ရမယ်။ အဲဒီအပေါ်မှာ investment တွေ ဝင်လာအောင် လုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံစိတ် ဖြစ်လာအောင်လို့ နာဂဒေသမှာ ရင်းနှီးမြှုပ်နှံရင် ဘာတွေ ရမယ်ဆိုတာမျိုးကို ပြည်ထောင်စုအစိုးရအဖွဲ့က ချပြဖို့လိုတယ်။ အဲဒီလို ချပြခြင်းအားဖြင့်တော့ နာဂဒေသ ဖွံ့ဖြိုး လာဖို့ ရှိတယ်”ဟု ပြောသည်။

နာဂဒေသ ဖွံ့ဖြိုးမှုနောက်ကျရသည့် တခြားအကြောင်းအရင်းမှာ နာဂဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော်လည်း ဘတ်ဂျက်ခွဲဝေမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး အောက်တွင် ရှိသည့်အတွက် လုံလောက်သည့် ဘတ်ဂျက် မရရှိခြင်းကြောင့်လည်း ပါသည်ဟု ထောက်ပြကြသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအနေဖြင့် တိုက်ရိုက်စီမံခန့်ခွဲရာ၌  အကန့်အသတ် များစွာရှိနေကြောင်း၊ ဘတ်ဂျက်ခွဲဝေမှုတွင် ကောင်းမွန်သည့် မူဝါဒများ ချမှတ်ပေးနိုင်မှသာ နာဂဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂဒေသက ကျေးရွာတစ်ရွာကို တွေ့ရစဉ်

၎င်းက “ပြည်နယ်နဲ့ တိုင်း ၇ ခုကို ကြည့်လိုက်တဲ့အခါမှာ ဘတ်ဂျက်စီးဆင်းမှုကို ကြည့်ရင်တော့ ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသက စစ်ကိုင်းတိုင်းရဲ့ အောက်ကနေ သွားရတဲ့ပုံစံမျိုး ဖြစ်တာပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၃ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခြေပြုတယ်။ အဲဒီမှာ ကြည့်လိုက်လို့ရှိရင် ကျေးလက်ဖွံ့ဖြိုးရေးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအနေနဲ့ တိုက်ရိုက် စီမံခန့်ခွဲတဲ့ အပိုင်းတွေမှာ အကန့်အသတ်တွေ အများကြီး ရှိနေတာပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဒေသန္တရ အစိုးရတစ်ခုအနေနဲ့ စစ်ကိုင်းတိုင်း ကို ဖြတ်ရတဲ့ အနေအထားမှာ ရှိတယ်။ ပြည်ထောင်စုအဆင့်ကို သွားတဲ့အခါမှာ လွှတ်တော်ကနေ တင်ပြရတာ ရှိတာပေါ့။ အဲဒီတော့ ဘတ်ဂျက် စီးဆင်းမှုမှာသော်လည်းကောင်း၊ အာဏာခွဲဝေမှု စနစ်ပေါ်မှာသော်လည်းကောင်း တချို့နေရာတွေမှာ အာဏာခွဲဝေမှု ဘယ်လိုလုပ်ကြမလဲ အဲဒီဟာလေးတွေကို သင်ခန်းစာယူပြီးတော့ လုပ်ရမယ့် ဟာမျိုးတွေ ရှိတယ်။ အဲဒီလို လုပ်ပေးနိုင်မှပဲ နာဂဒေသ ဖွံ့ဖြိုးမှုမူဝါဒတွေ ကောင်းကောင်းမွန် ချပြီးတော့ ဘတ်ဂျက်စီးဆင်းမှုကို လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်”ဟု ပြောသည်။

လမ်းပန်ဆက်သွယ်ရေး အခက်အခဲဖြစ်နေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် လေရှီးမြို့၊ လဟယ် မြို့နှင့် နန်းယွန်းမြို့များသို့ ရာသီမရွေး သွားလာနိုင်သည့် ကားလမ်း များ ဖောက်လုပ်ရန် လိုအပ်နေသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသတစ်ခုဖြစ်ပြီး ဘဏ်စနစ်တွင် မြန်မာ့စီးပွားရေးဘဏ်ကိုသာ အားကိုးနေရသည်။