CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ 

မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲသို့ နာဂလူမျိုးများကို ပါဝင်လာစေရန် အဓမ္မခိုင်းစေမှုကို လက်ခံမည် မဟုတ်ဘူးဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်း/ယုံးအောင်(NSCN-K/YA)က ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

နစကသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူမှုများ ပြုလုပ်လာခြင်းအပေါ် NSCN-K/YA က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

NSCN-K/YA က “ လက်ရှိ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်ဟာ နာဂဒေသအပေါ် သက်ရောက်မှု လုံးဝ မရှိ ကြောင်း၊ နာဂ လူထုအနေနဲ့လည်း အခုပြဋ္ဌာန်းထားတဲ့ဥပဒေကို ပယ်ချဖို့ တောင်းဆိုကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းဟာ လက်ရှိ NSCN-K/YA ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်မပတ်သက်ဖို့ ရပ်တည်ချက်ကို ဆန့် ကျင်နေတာ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲမှာ နာဂလူမျိုးများကို ပါဝင်ဖို့ အဓမ္မခိုင်းတာကို လက်မခံနိုင်ကြောင်း” ထုတ်ပြန် ပြောကြားခဲ့သည်။

 NSCN-K/YA ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထို့နောက် မြန်မာ့တပ်မတော် အနေဖြင့် နာဂလူမျိုးများကို လူသားဒိုင်းအဖြစ် ကြံစည်နေသည့်အပေါ် မည်သည့် နည်းဖြင့်မဆို ဆန့်ကျင် ကန့်ကွက်သွားမှာဖြစ်ကြောင်း၊ စစ်မှုထမ်းရန် အဓမ္မခိုင်းစေလာပါက ချက်ချင်းအသိပေး ရန် NSCN-K/YA က ပြောသည်။

NSCN-K/YA က “ မိမိတို့ အနေနဲ့ လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ဆုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခ အစပြုတဲ့ကာလမှာ နာဂဒေသအတွင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကိုလည်း နာဂဒေသအတွင်းမှာ နိုင်ငံရေးအရ တရားဝင် အသိအမှတ် ပြုမှု မရှိသ လို နယ်မြေ ထိန်းချုပ်ရေး လုပ်ဆောင်ခွင့် မရှိကြောင်း NSCN ရဲ့ ရပ်တည်ချက်ကို ကြေညာထားပြီးဖြစ်တယ်” ဟု ပြောသည်။

ထို့နောက် နာဂဒေသကို ထိခိုက်နစ်နာစေမည့် အရေးရှောင်ကြဉ်ဖို့ကိုလည်း တပ်မတော်အား အသိပေးထား ကြောင်း ၎င်းက ပြောသည်။

NSCN-K/YA ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ နာဂ လက်နက်ကိုင်အဖွဲ့များအနေဖြင့် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN- K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီဆု/ဗွီဗား(NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့ အစည်း/အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENNO/ENDA)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) စသည့် အဖွဲ့များ ရှိသည်။

နာဂဒေသအတွင်းမှာ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး နာဂလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် NSCN-K/YA၊ NSCN-K/AM တို့မှ ကိုယ်စားလှယ်များနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ဆွေးနွေးခဲ့ကြသေးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူခဲ့ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ  နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေသည်။

ထို့နောက် မြန်မာ့တပ်မတော်သည် မြို့များနှင့် စစ်စခန်းများ လက်လွတ်ဆုံးရှုံးနေရပြီး စစ်တပ်အင်အား ဖြည့်တင်း နိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေ၍ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ ပြုလုပ်လျက်ရှိနေသည်။