CNI International News

ပေကျင်း၊ မတ်လ ၂၂

တရုတ်သည် တိဘက် တက်ကြွလှုပ်ရှားသူများအပေါ် ဆိုက်ဘာသူလျှိုလုပ်မှုဖြင့် တိုက်ခိုက်မှုများကို ဆက်လက် အရှိန်မြှင့်တင်နေပြီး တရုတ်နိုင်ငံပြင်ပတွင် နေထိုင်သည့် တိဘက်လူမျိုးများသည် Trojan ဗိုင်းရပ်စ်များဖြင့် တိုက်ခိုက်ခံနေရသည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။ 

တရုတ်အစိုးရ၏ ဟက်ကာအဖွဲ့များသည် ဗုဒ္ဓဘာသာကို ယုံကြည်မှုရှိသည့် ဝက်ဘ်ဆိုက်များကို အဖျက်ဆော့ဖ်ဝဲ များအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခဲ့ကာ အချက်အလက်များ စုဆောင်းနေသည်ဟု ကနေဒါနိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် ESES က ပြောကြားခဲ့သည်။

ထိုဆိုက်ဘာစစ်ဆင်ရေးသည် အမေရိကန်၊ ဟောင်ကောင်၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် နေထိုင်သည့် တိဘက်လူမျိုးများကို တိုက်ခိုက်နေဖြင်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်အစိုးရက ထောက်ခံပေးထားသည့် ဟက်ကာအဖွဲ့များသည် ထိုကဲ့သို့ လျှို့ဝှက်သည့် ဆိုက်ဘာတိုက်ခိုက်မှု များဖြင့် Kagyu International Monlam Trust အဖွဲ့ ၏ ဝက်ဘ်ဆိုက်များကို Trojan ဗိုင်းရပ်စ်များဖြင့် တိုက်ခိုက် ခဲ့သည်ဟု ESES က ပြောကြားခဲ့သည်။

 Kagyu International Monlam Trust အဖွဲ့သည် တိဘက် ဗုဒ္ဓဘာသာကို နိုင်ငံတကာက သိစေရန် မြှင့်တင် ပေးနေသည့် အဖွဲ့ဖြစ်သည်။ 

တိဘက်လူမျိုးများကိုတွေ့ရစဉ်

"တရုတ်နဲ့ ဆက်နွှယ်မှုရှိတဲ့ Evasive Panda APT အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ဘာသာရေး စုရုံးမှုဖြစ်တဲ့ Molam ပွဲတော် ကို အမှီပြုပြီး အခြားနိုင်ငံတွေနဲ့ နယ်မြေတွေမှာနေထိုင်တဲ့ တိဘက်လူမျိုးတွေကို ပစ်မှတ်ထားနေပါတယ်" ဟု ESES က ထုတ်ပြန်ခဲ့သည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် တရုတ်ဟက်ကာအဖွဲ့များ၏ "Watering Hole attack" အမည်ရှိ ဆိုက်ဘာတိုက်ခိုက်မှုသည်  Kagyu International Monlam Trust အဖွဲ့၏ ဝက်ဘ်ဆိုက်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် အနည်းငယ်ကလည်း ဗဟိုတိဘက် အုပ်ချုပ်ရေးအဖွဲ့ (CTA) က စီမံကိုင်တွယ်သည့် အီးမေးလ်စနစ် တစ်ခုသည် အဖျက်ဆော့ဖ်ဝဲဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အချက်အလက်များ ခိုးယူခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ထိုတိုက်ခိုက်မှုသည် တရုတ်အစိုးရက စပွန်ဆာပေးထားသည့် ဟက်ကာများ၏ ဆန်းပြားရှုပ်ထွေးသော ဆိုက်ဘာ တိုက်ခိုက်မှုများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း တိဘက် မူဝါဒ အင်စတိကျူမှ သုတေသနပညာရှင် တန်ဇင် ဒယ်လ်ဟာက ပြောကြားခဲ့သည်။

Source: ဟောင်ကောင်ပို့စ်