CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win – Win” အခြေအနေ ဖော်ဆောင်သွားရမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် မြန်မာ - အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတွင် သမ္မတ ဦးမင်းအောင်လှိုင်က ယခုလို ပြောကြားခဲ့ခြင်းသည်။
၎င်းက “မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အာဆီယံနှင့် တရုတ် နိုင်ငံတို့သို့ ဆက်သွယ် ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်းသဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win – Win” အခြေအနေကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ကုလားတန်ဘက်စုံသုံး သယ်သူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို သာမက အာဆီယံ - အန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတ၊ တည်နေရာ အချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံး ပေါင်းစပ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဖိတ်ခေါ်လို တယ်”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်
လက်ရှိ၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသ မ ၃၈၅ သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယရင်းနှီးမြှုပ်နှံမှုသူများ အနေနှင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
လက်ရှိ နိုင်ငံရေးလောကတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးက အရေးကြီးပြီး၊ ဒီမိုကရေစီယန္တရားက ယခု ထက် အများကြီး ရင့်ကျက်ရန်လိုကြောင်း စီးပွားရေးနှင့်ဘဏ်ရေးရာလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုတဲ့အခါကြတော့ နိုင်ငံဆက်ဆံရေးက အရေးကြီးတာပေါ့။ တစ်ခုရှိတာက ကျနော်တို့က အမြဲတမ်း Isolated(အထီးကျန်) ဖြစ်နေလို့ မရဘူးလေ။ ကျနော်တို့က Isolated ဖြစ်တဲ့ ဒဏ်ကိုခံရတာလည်း အများကြီးပေါ့၊ သမိုင်းတစ် လျှောက်ပဲဆိုကြပါဆို့။ နောက်တစ်ခုက အိမ်နီးနားချင်းတွေ ဆိုပေမယ့် အိမ်နီးနားချင်းမှာ သူက ဖြစ်သင့်တာတွေ၊ မဖြစ်သင့်တာတွေဆိုတဲ့ ဇာတ်ထုပ်တွေကလည်း ရှိသေးတာကို။ ဆိုတော့ အမျှော်အမြင်တော့ ပါတာပေါ့လေ။ ဒီခရီးစဥ်က ကျနော်ကြည့်နေတာ တစ်ဖက်မှာ ကျနော်တို့ မသိနိုင်တဲ့ အခင်းအရာတွေ အများကြီး ရှိမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့၊ သူက အိန္ဒိယက သူက နဂိုကထဲက ဒီမိုကရေစီ တိုင်းပြည်လေ။ သူတို့က “Win – Win” အခြေအနေဆိုတာ ဘာလဲဆိုတာ သူက ကျကျနန ကောင်းကောင်းမွန်မွန် ဘာလဲဆိုတာ သူကသိပြီးသား။ ဒီမိုကရေစီယန္တရားက ကျနော်အမြင်ကတော့ ဒါထက် အများကြီး ရင့်ကျက်ဖို့ လိုတာပေါ့လေ။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ကနေစပြီး၊ စီးပွားရေးဆက်ဆံမှု၊ နိုင်ငံရေးဆက်ဆံမှု အရာအားလုံးပေါ့။ ဆိုတော့ ဒီမိုကရေစီ ယန္တရားက အကောင်အထည် ဖော်ရမှာပေါ့။ အန္ဒိယက တစ်ခုရှိတာ ဒီ GTP ပေါ့။ ကျနော်တို့က ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ မိတ်ဆွေ နိုင်ငံတွေနဲ့ပဲလုပ်မယ်၊ ကျနော်တို့ မိတ်ဆွေနိုင်ငံတွေနဲ့ပဲ လုပ်မယ်ဆိုတဲ့ စကား ကျနော် ခဏ ခဏကြားရတယ်။ ဆိုတော့ အဲဒီစကားက ပညာရှင်အမြင်နဲ့ဆို ဒါအဆင်မပြေဘူး”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်
စီးပွားရေး၌ ဒီမိုကရေစီယန္တရားသည် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းစဉ်များတွင် လူအများစု (အလုပ်သမား၊ စားသုံးသူ၊ သာမန်ပြည်သူများ) က ပါဝင်ဆုံးဖြတ်ခွင့်ရရှိပြီး စီးပွားရေး အကျိုးအမြတ်များကို တရားမျှတစွာ ခွဲဝေ ခံစားနိုင်စေသော စနစ်တစ်ခုဖြစ်ကြောင်း၊ အရင်းရှင်စနစ်၏ အားနည်းချက်များကို ထိန်းချုပ်ကာ အလုပ်သမားနှင့် ပူးပေါင်းပိုင်ဆိုင်မှုများကို အဓိကထားကြောင်း နိုင်ငံရေးနှင့်စီးပွားရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ အချိန်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုများ တိုးတက်ခိုင်မြဲလာ သည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအား ဆဋ္ဌမမြောက် သွင်းကုန်အများဆုံး တင်သွင်း နေသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ၁ ဒသမ ၅ ဘီလျံခန့်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်ပိုများပြားကြောင်းလည်း ပြောကြားထားသည်။
