CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံအနေဖြင့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဟု ယုံကြည်ကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံအားပေးရပ်တည် လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆွေတော်သမ္မတကြီး ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမို တည် တံ့စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် အမြင်ချင်း ဖလှယ် ဆွေးနွေးလိုပါတယ်” ဟု ပြောသည်။
ယနေ့ ဆွေးနွေးမှုမှ တဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကဏ္ဍ အပါအဝင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည် ဟု ယုံကြည်ပါကြောင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည် ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြစဉ်
သမ္မတ ဦးမင်းအောင်လှိုင်က “ ယခုအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်သက်တမ်း စီမံကိန်း ချမှတ် ကျင့်သုံးနေချိန်ဖြစ်သကဲ့သို့ မိမိတို့ အစိုးရသစ် အနေဖြင့်လည်း ရေရှည်တည်တံ့သည့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရသစ် လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေး မဟာဗျူဟာ မြောက် မိတ်ဖက် နိုင်ငံများနှင့် စီးပွားရေးတိုးမြှင့်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများကို နှစ်နိုင်ငံကြား လက်တွေ့ကျကျ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟုလည်း အခိုင်အမာ ယုံကြည်ပါတယ်”ဟု ပြောသည်။
မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ အကျိုးကျေးဇူး မြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ဆက်လက် ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံအကြား နယ် ပယ် အသီးသီးတွင် ကျယ်ပြန့်စွာ ဆွေးနွေးလိုပြီး ထိရောက်သည့် အောင်မြင်မှုရလဒ်များကို ရရှိလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်ရေးကို မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း တရုတ် ဝန်ကြီးချုပ် လီချန်က ပြောသည်။
ထို့နောက် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု များ ကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ကို တရားဥပဒေစိုးမိုးမှုနှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ရေး၊ မြန်မာ့လယ်ယာနှင့် MSME ထုတ်ကုန်များအတွက် Quarantine စံနှုန်းဆိုင်ရာ နည်းပညာပံ့ပိုးမှု မြှင့်တင်ရေး နှင့် နယ်စပ်ဖြတ်ကျော် တရားဥပဒေ စိုးမိုးရေးကဏ္ဍများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ရှေ့မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးကြစဉ်
အလားတူ မြန်မာနိုင်ငံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် တည်ငြိမ်သည့် စွမ်းအင်စနစ် တည် ဆောက်မှုနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာပိုင်းတို့တွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ လိုအပ်သည်များ ဆက်လက် ကူညီပံ့ပိုးပေးနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်သွားနိုင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကိုလည်း လက်မှတ် ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ရောက်ရှိနေသည်။
