CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၄
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ခြင်းကြောင့် ရုရှား-တရုတ်-ဘယ်လာရုစ်နိုင်ငံများက ဝမ်းမြောက်ကြောင်း သဝဏ် လွှာများ ပေးပို့ခဲ့ကြသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က “ရုရှား-မြန်မာ ဆက်ဆံရေးသည် သဘာဝအရ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေး ဖြစ်ကြောင်းကို ပြီးခဲ့သည့်နှစ်က မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော မိမိတို့၏ တွေ့ဆုံဆွေးနွေးမှုများက ထပ်လောင်း အတည်ပြုပေးခဲ့ပါသည်။ အဆွေတော်၏ သမ္မတသက်တမ်းအတွင်း နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် လည်းကောင်း၊ အာရှ-ပစိဖိတ်ဒေသ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခိုင်မာစေရန်အတွက်လည်းကောင်း အပြု သဘော ဆောင်သည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု မိမိအနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်”ဟု သဝဏ်လွှာတွင် ပြောကြားထားသည်။
ထို့နောက် အခွင့်အခါကြုံခိုက် အဆွေတော်နှင့်တကွ မြန်မာပြည်သူများ အားလုံးထံသို့ မကြာမီ ကျရောက်တော့ မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယ သင်္ကြန်ပွဲတော်အတွက် လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါကြောင်း ရုရှားသမ္မတ ပူတင်က သမ္မတ ဦးမင်းအောင်လှိုင်ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်က “ ယခုနှစ်သည် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင် သည့် နှစ်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အဆင့် သစ်တစ်ခုသို့ စတင်ခြေလှမ်းသည့် နှစ်လည်း ဖြစ်ပါသည်။ ကျွနှ်ပ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို အလွန်အလေးထားပြီး မဟာဗျူဟာမြောက် ဖလှယ်မှုများကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည် မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အနာဂတ်ကံကြမ္မာ အတူတကွ ဖော်ဆောင်သည့် လူ့အဖွဲ့အစည်း တည် ဆောက်ရာတွင် ပိုမိုနက်ရှိုင်း၍ ခိုင်မာသော တိုးတက်မှုများ ရရှိစေရန် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်။ ထိုမှတဆင့် ကျွနှ်ပ်တို့၏ ပြည်သူနှစ်ရပ်အတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဆောင် ကြဥ်းပေးနိုင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုပါဝင်ကူညီပေးနိုင်ရန် မျှော်လင့် ပါသည်”ဟု သဝဏ်လွှာပေးပို့ခဲ့သည်။
ထို့ပြင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း အဆွေတော်၏ ကြွယ်ဝသော အတွေ့အကြုံ၊ ကျွမ်းကျင်ပိုင်နိုင် မှုနှင့် အရည်အသွေးများသည် မြန်မာနိုင်ငံကို အဆွေတော် ဦးဆောင်ရာတွင် နိုင်ငံတည်ငြိမ်ရေးနှင့် လူမှုစီးပွားတိုး တက်ရေးတို့ကို အောင်မြင်စွာ စွမ်းဆောင်နိုင်မည်ဟု မိမိယုံကြည်ပါသည်ဟု သမ္မတ ဦးမင်းအောင်လှိုင်ထံ သဝဏ် လွှာပေးပို့၍ ပြောကြားခဲ့သည်။
၎င်းက “ ပြီးခဲ့သည့်နှစ်အတွင်းက ဘယ်လာရုစ်-မြန်မာ ဆက်ဆံရေး၏ တက်ကြွစွာ သက်ဝင်လှုပ်ရှားနေမှုများကို မိမိအနေဖြင့် ဝမ်းမြောက်စွာ အမှတ်ရမိပါသည်။ နိုင်ငံတော်အဆင့်နှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ခရီးစဉ်များ၊ နိုင်ငံ တကာ မျက်နှာစာတွင် ထိတွေ့ဆက်ဆံမှုများ၊ နှစ်နိုင်ငံ အခမ်းအနားများ၊ လက်မှတ်ရေးထိုးခဲ့သော စာချုပ်စာတမ်း များသည် နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားနယ်ပယ်များ၌ နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရာတွင် အခွင့်အလမ်းသစ်များကို ဖော်ထုတ် နိုင်ခဲ့ပါသည်”ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မိမိတို့အကြား သဘောတူညီချက်များကို အကောင် အထည်ဖော်မည့် ဘယ်လာရုစ်နိုင်ငံ၏ ကတိကဝတ်ကို မိမိအနေဖြင့် အတည်ပြုပြောကြား လိုပါသည် ဟု သမ္မတ လူကာရှန်ကိုက ပြောသည်။
မြန်မာနိုင်ငံတွင် သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၊ ဒုသမ္မတ(၁)အဖြစ် ဦးညိုစော၊ ဒုသမ္မတ(၂)အဖြစ် ဒေါ်နန်းနီနီ အေးတို့ကို ပြည်ထောင်စုလွှတ်တော်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်၌ ရွေးချယ်တင်မြှောက်ခဲ့သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ပြည်ပနိုင်ငံများဖြစ်သည့် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် တို့အပါအဝင် ပြည်တွင်းရှိ လက်နက်ကိုင်များဖြစ်သော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုက ရက်တစ် မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် လူမှုရေးအသင်း အဖွဲ့များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
