CNI International News

ဝါဂါဒူဂူ၊ ဧပြီ ၄

ဘာကီနာဖာဆိုနိုင်ငံ၏ စစ်အာဏာသိမ်းခေါင်းဆောင် အီဘရာဟင် ထရာအိုရေး (Ibrahim Traore) က ပြည်သူများ အနေဖြင့် ဒီမိုကရေစီအကြောင်းကို မေ့ပစ်ရမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဧပြီ ၂ ရက်က နိုင်ငံပိုင် ရုပ်သံလိုင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ထရာအိုရေးက ပြင်ပအင်အားစု များသည် ဒီမိုကရေစီကို အတင်းအဓမ္မ သွတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ကျရှုံးနိုင်ငံတစ်ခုအဖြစ် လစ်ဗျားနိုင်ငံကို နမူနာပေး၍ ရည်ညွှန်းပြောဆိုသွားခဲ့သည်။

“ဒီမိုကရေစီဆိုတဲ့ ကိစ္စကို လူတွေ မေ့ပစ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အမှန်အတိုင်း ပြောရရင် ဒီမိုကရေစီဆိုတာ ကျနော်တို့နဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီဟာ သေစေနိုင်တယ်။ ကျနော်တို့ အနီးနားမှာရှိတဲ့ လစ်ဗျားနိုင်ငံကို ကြည့်လိုက်ပါ၊ ဒါဟာ ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို အခြေချဖို့ ကြိုးပမ်းတဲ့ ဘယ်နေရာမှာမဆို သွေးထွက်သံယိုမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့တာပါ။ ဒီမိုကရေစီဆိုတာ ကျွန်ပြုမှုတစ်ရပ်ပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုမှတ်ချက်စကားများအရ ထရာအိုရေး အစိုးရအနေဖြင့် နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဟု အစောပိုင်းက ပေးခဲ့သော ကတိကဝတ်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြသသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ဘာကီနာဖာဆိုစစ်တပ် ခေါင်းဆောင် ထရာအိုရေးကို တွေ့ရစဉ်

ထရာအိုရေးသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော သမ္မတ ရော့ခ်မာ့ခ် ကာဘိုရေး (Roch Marc Kabore) ကို ဖြုတ်ချခဲ့သည့် ပထမအကြိမ် စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့ပြီးနောက် ၈ လအကြာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဒုတိယအကြိမ် အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် ဂျီဟတ်အစွန်းရောက် အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသော ဘာကီနာဖာဆိုနိုင်ငံကို ထရာအိုရေးက ဆက်လက် ဦးဆောင်ခွင့် ရရှိ သွားခဲ့သည်။

ထို့နောက် ထရာအိုရေး ဦးဆောင်သည့် စစ်အစိုးရသည် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခဲ့ပြီး ၂၀၂၂ ခုနှစ်ကတည်းက လှုပ်ရှားခွင့် ပိတ်ပင်ထားသည့် နိုင်ငံရေးပါတီ အားလုံးကိုလည်း ၎င်းတို့ အစိုးရအဖွဲ့ ဦးဆောင်သော လွှတ်တော်က ယခုနှစ် ဖေဖော်ဝါရီလ၌ ထပ်မံဖျက်သိမ်းခဲ့သည်။

ကုလသမဂ္ဂကမူ နိုင်ငံရေးပါတီများကို ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်အား ပြန်လည် ရုပ်သိမ်းရန်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန် ဘာကီနာဖာဆို စစ်အစိုးရကို တိုက်တွန်းထား သည်။

ထရာအိုရေး အာဏာရလာပြီးကတည်းက အနောက်နိုင်ငံများ၊ အထူးသဖြင့် ပြင်သစ်နိုင်ငံအပေါ် ရန်လိုသော သဘောထားရှိသည့် စစ်အစိုးရသည် နိုင်ငံတကာ သတင်းဌာန အများအပြားကို ပိတ်ပင်ခြင်း သို့မဟုတ် လုပ်ငန်း များကို ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့သလို အဆိုပါ သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့သည်။

Source: အယ်လ်ဂျာဇီးယား