CNI International News
ဘေဂျင်း၊ ဧပြီ ၄
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပဋိပက္ခဖြစ်သည့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့ကြား ဆွေးနွေးညှိနှိုင်းမှုများသည် အခြေအနေ တိုးတက်ကောင်းမွန် ကြောင်း တရုတ်အစိုးရက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုနှစ်နိုင်ငံလုံးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံသည် မဟာမိတ်မှ ရန်ဘက်ဖြစ်သွားကြသော အာဖဂန်နှင့် ပါကစ္စတန်ကြား ဝင်ရောက်ဖျန်ဖြေပေးရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် တရုတ်သည် အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မတ်လအတွင်းကလည်း အထူးကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စမော်နင်းကို တွေ့ရစဉ်
“ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံစလုံးဟာ တရုတ်နိုင်ငံရဲ့ ဖျန်ဖြေပေးမှုကို အလေးထားသလို ကြိုလည်း ကြိုဆိုကြပါတယ်။ ဆွေးနွေးပွဲတွေအတွက် ပြန်လည် ညှိနှိုင်းဖို့ ဆန္ဒရှိကြတာဟာ ကောင်းမွန်တဲ့ တိုးတက်မှု တစ်ခုပါပဲ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲများကို မည်သည့် နေရာတွင် ကျင်းပနေသည်ကို မော်နင်းက ထည့်သွင်းပြောကြားခြင်း မရှိသော် လည်း ယခင်က အာဖဂန်နှင့် ပါကစ္စတန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အူရမ်ချီ (Urumqi) မြို့၌ တွေ့ဆုံခဲ့ကြောင်း ပြောခဲ့ဖူးသည်။
တရုတ်နိုင်ငံသည် သင့်တော်သော အခြေအနေများ ဖန်တီးပေးရန်နှင့် ဆွေးနွေးပွဲအတွက် အခင်းအကျင်းတစ်ခု ပံ့ပိုးပေးနိုင်ရန် နှစ်ဖက်စလုံးနှင့် နီးကပ်စွာ ဆက်သွယ် ဆောင်ရွက်နေပြီး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးကို တွန်းအားပေး လုပ်ဆောင်နေကြောင်း မော်နင်းက ပြောကြားခဲ့သည်။
ထို့ပြင် သင့်တော်သည့် အချိန်တွင် နောက်ထပ် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင် ဖြစ်ပွားခဲ့သည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ကြား တိုက်ပွဲများ ကြောင့် နှစ်ဖက်စလုံးတွင် လူအမြောက်အမြား သေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်ဘက်က ပိုမို အထိနာခဲ့သည်။
Source: ရိုက်တာ
