CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃

“ဝ”ဒေသသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဗဟိုကော်မတီက ယနေ့(ဧပြီ ၃ ရက်)တွင် သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဂုဏ်ပြု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ထုတ်ဖော်ပြောဆို ထားသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက “နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ် ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း၊ “ဝ” ပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လျှောက်လှမ်းရန် စွဲမြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း” ပြောဆိုထားသည်။

ထို့ပြင် ပြည်ထောင်စုနိုင်ငံတော်၏ မူဘောင်အောက်တွင် ပြည်ထောင်စုအစိုးရနှင့် ဆက်လက် ဆက်သွယ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတဆင့် မိမိတို့၏ နိုင်ငံရေး ဆန္ဒများကို အကောင်အထည်ဖော်သွားကာ ပြည်‌ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေး တည် ဆောက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအောက်တွင် နိုင်ငံတော်သည် ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသား၊ ပြည်သူအားလုံး သာယာဝပြောမှု တို့ကို အမြန်ဆုံး ရရှိလိမ့်မည်ဟု အခိုင်အမာ ယုံကြေည်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

သမ္မတကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လုံခြုံမှု၊ အေးချမ်းသာယာမှု၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးအတွက် များစွာသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ ထိုဆောင်ရွက်မှုများနှင့် ဂုဏ်ဒြပ်များသည် မှတ်သားချီးကျူး ထိုက်ပေကြောင်းလည်း သဝဏ်လွှာတွင် ‌ရေးသားထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့်အခါမှသာ အုပ်ချုပ်ရေး ယန္တရားများ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ထိုဒေသကို "ရှမ်းပြည်နယ် အထူးဒေသ (၂)" အဖြစ် သတ်မှတ်ခဲ့ရာမှ ၂၀၀၈ ဖွဲ့စည်းပုံအရ "ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း" အဆင့်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲအား ယနေ့(ဧပြီ ၃ ရက်နေ့)တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

ထို ၅၈၄ မဲအနက် ဦးမင်းအောင်လှိုင်က ၄၂၉ မဲရရှိခဲ့ပြီး ဦးညိုစောက ၁၂၆ မဲနှင့် ဒေါ်နန်းနီနီအေးက ၂၉ မဲ တို့ ရရှိခဲ့ကြကာ နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။