CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်အတွင်းက ဟိုပန်နှင့် ပန်လုံမြို့နှစ်ခုကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အုပ်ချုပ်မှုအောက် ထည့်သွင်းလိုက်ခြင်းအား နစကအနေဖြင့် လက်ခံသလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်း အဝိုင်းကြား မေးခွန်းထုတ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ဟိုပန်မြို့ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် UWSA တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲခဲ့သည်။ 

ထို့နောက် ဟိုပန်နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသော ပန်လုံမြို့ကိုလည်း UWSA က ထိန်းချုပ်လိုက်သည်။

ဟိုပန်နှင့် ပန်လုံသည် ယခင်ကတည်းက “ဝ” နယ်မြေဖြစ်ကြောင်း၊ ၎င်းမြို့နှစ်ခုအား UWSA ထိန်းချုပ်မှုကို နစကအနေဖြင့် ကန့်ကွက်စရာ မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ဟိုပန်၊ ပန်လုံဆိုတာက ဗိုလ်ချုပ်ခင်ညွန့်တို့ လက်ထက်က “ဝ”နယ်ကို တိုင်းစံသတ်မှတ်တဲ့အခါမှာ ချန် ထားတဲ့ “ဝ”နယ်မြေနေရာ မြို့နယ် နှစ်ခုဖြစ်ပါတယ်။ အဲဒီတော့ အဲဒီတုန်းကတော့ တကယ်ကတော့ “ဝ”ကို ပြည်နယ် မပေးချင်တဲ့အတွက် အဲဒီနေရာကို ချန်ထားတာပါ။

အဲဒီတော့ ဒါတွေက “ဝ” ဒေသ၊ “ဝ” အမျိုးသားတွေ ရဲ့ ဒေသ၊ “ဝ”နယ်မြေပါပဲ။ အခုကတော့ အရှေ့မြောက်ရဲ့ စစ်ရေးအခြေအနေ ပြောင်းလဲလာတဲ့ အနေအထား အောက်မှာ ဟိုပန်၊ ပန်လုံကို “ဝ”နယ်ကို MNDAA ကနေပြီးတော့ လွှဲပြောင်းပေးလိုက်တာပါ။ အဲဒီကိစ္စကို စစ်ကောင်စီအနေနဲ့ ကန့်ကွက်စရာ သိပ်အကြောင်း မရှိပါဘူး။ တကယ့် အခြေအနေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် သူတို့လည်း လိုက်နာမယ့်သဘော ရှိပါတယ်။ အဲဒီလို ရှိတာလည်း အခု ရှမ်းမြောက်မှာ ရှိတဲ့ စစ်ရေး အခြေအနေကြောင့် ဖြစ်တယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

နှစ်ပေါင်းများစွာ ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဟိုပန်၊ ပန်လုံဒေသအား “ဝ”ပြည်နယ်အစိုးရထံသို့ လွှဲပြောင်း ပေးအပ်ရန် သဘောတူခဲ့ကြောင်း WSTV က ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ယခင်က မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်မှာရှိသော ဟိုပန်နှင့် ပန်လုံမြို့ကို UWSA တပ်ဖွဲ့ထံ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့က အခမ်းအနားနှင့်တကွ လွှဲပြောင်း ပေးခဲ့ ကြောင်း ဖော်ပြထားသည်။

 ဟိုပန်နဲ့ပန်လုံမြို့ကို အုပ်ချုပ်မယ့် UWSA တပ်ဖွဲ့အရာရှိများကိုတွေ့ရစဉ်

 

သို့သော်လည်း အဆိုပါ ဟိုပန်နှင့် ပန်လုံကို UWSA ထံ လွှဲပြောင်းရန် သဘောတူခဲ့သည်ဟုဆိုသော ကိစ္စနှင့် ပတ်သက်၍ နစကဘက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

အဆိုပါ မြို့နှစ်မြို့အား UWSA က ထိန်းချုပ်မှုအောက် ထည့်သွင်းခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်မြဲရေး ကျိုးပေါက်သွားသလို ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့  ပြောသည်။

၎င်းက “ဒါကတော့ဗျာ၊ ကျနော်တို့ကတော့ ရှိတဲ့ ကိုယ့်ရဲ့ တိုင်းတွေကို ကိုယ့်ဆီက မြို့နယ်တွေကိုတော့ ဒီလို လုပ်ခံရတာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ သိပ်ပြီးတော့ မနှစ်မြို့ပါဘူး။ ဘာလို့လဲဆိုတော့ အချုပ်အခြာ အာဏာ တည်မြဲရေး ဒို့တာဝန်အရေး ၃ ပါး ကျိုးပေါက်သွားသလို ဖြစ်နေတယ်လေ။ အဲဒါကြီးကတော့ ကျနော်တို့ တော့ ခံစားရတယ်ဗျ၊ အဲဒါတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ရေကိုတော့ တချိန်ကြရင်တော့ ပြန်ယူရမှာပေါ့ဗျာ၊ ဖက်ဒရယ်ကတော့ ဖက်ဒရယ်ပေါ့ဗျာ၊ ဒီလို အုပ်ချုပ်မှု ကွဲပြားတာကြီးကတော့ လုပ်တာကတော့ နည်းစနစ် မကျ သေးဘူး ထင်တယ်ဗျ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ပြင်ဆင်ပြီးတော့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေပေးတာက တစ်မျိုးလေ၊ ဒီလိုမျိုးကြီး လုပ်တာတော့ ကျနော်တော့ သိပ်တော့ သဘောမကျဘူးဗျ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထား သည်။