CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်နှင့် အနီးအနားရှိ ဒေသများမှ ဒေသခံများသည် နေရပ်စွန့်ခွာမှုများ ပြုလုပ်လာနေကြရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများသည် ချင်းပြည်နယ်အဆက် အိန္ဒိယ နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း၊ တိမ်းရှောင်နေရသည့် လူဦးရေသည် ၂ သောင်းခန့် ရှိလာကြောင်း၊ ထိုအထဲမှ တိုက်ပွဲရှောင် ၁ သောင်းသည် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေသည်ဟု ချင်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်နေတာ မရှောင်လို့ရမလား၊ အကုန်လုံး သေကုန်မှာပေါ့။ ကုလားတန်ချောင်းဖြတ် အများကြီးပဲ လေ။ သူတို့ကတော့ အိန္ဒိယနယ်စပ်ပေါ့။ ကုလားတန်ချောင်းဖြတ် ထွန်အိုင်၊ ကောလေးနားမှာပေါ့။ ရွာ ၃ ရွာ အဲဒီ ကမ်းနားမှာပဲ နေကြတာ။ ကမ်းနား ကျောက်ဖြူမှာပေါ့ သဲနားမှာ နေကြတာ။ စားနပ်ရိက္ခာတော့ လိုတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုသွားကူညီမှာတုန်း၊ ဘယ်လိုသွားလုပ်မှာတုန်း။ လမ်းက သွားမရတာ။ အိန္ဒိယဘက်က လမ်းကြောင်းပွင့်ရင်တော့ တမျိုးပေါ့ဗျာ။ ဒါပေမယ့် တော်သေးတာပေါ့။ အမြန်ဆုံးတော့ ပြေလည်စေချင်တာပေါ့။ နိုင်ငံရေးပဋိပက္ခတွေ၊ စစ်ရေးပဋိပက္ခတွေ ပြဿနာတွေ ပြေလည်စေချင်တာပေါ့ဗျာ။ ဒါပေမယ့် အခု လောလော ဆယ်ကတော့ ဒေသခံတွေက တောင်ယာစပါးရှိတော့ စားသောက်လို့ ရသေးတာပေါ့ဗျာ။ ပလက်ဝ တစ်မြို့နယ် လုံးကို လူဦးရေက ၁ သိန်းလောက် ရှိတယ်။ အဲဒီ ပလက်ဝမြို့ပေါ်နဲ့ ဒေသတစ်ဝိုက်ဆိုရင် ၂ သောင်းလောက် ရှိ တယ်။ အဲဒီ ၁ သောင်းလောက်ကတော့ ဒုက္ခရောက်နေကြပြီ” ဟု ပြောသည်။

ပလက်ဝမြို့ကို တွေ့ရစဉ်

ပလက်ဝမြို့တွင် ဒေသခံများ နေရပ်စွန့်ခွာလာမှုသည် ယခုရက်ပိုင်းအတွင်း ပို၍ များပြားလာကြောင်း၊ ပလက်ဝမြို့ အပြင် ဆမီးမြို့တွင်လည်း မြို့နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်မပြေးနိုင်သည့် သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များသာ ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် လက်နက်ကြီးကျည် ကျရောက်မှုများကြောင့် ပလက်ဝမြို့သည်လည်း ပျက်လုနီးပါး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဖြစ်ပွားသည့် တကျော့ပြန် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော လူဦးရေသည် ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားသည့်တိုက်ပွဲထက် ပို၍များပြားသည်ဟု ပလက်ဝဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၀၁၅ - ၁၆ နဲ့စာရင် အဲဒီတုန်းကတော့ ရွာဘက်ပဲ ရှိတယ်။ အခုကတော့ မြို့ပေါ်ကတောင် ဖြစ်နေတော့ အခုဆိုရင် ပိုဆိုးတာပေါ့။ ဘာလို့ဆို မြို့ပေါ်မှာ နေလို့မရလို့ လွတ်ရာလွတ်ကြောင်း ပြေးနေရတာလေ။ အထူးသ ဖြင့် အပျိုလူပျိုတွေက ပိုထွက်တယ်။ နောက်ပြီးတော့ မိဘတွေ ထွက်တယ်။ အိမ်မှာကတော့ နည်းနည်း ဖြစ်ချင် ရာဖြစ်ဆိုတဲ့ ကျန်တဲ့သူလောက်ပဲ ကျန်တော့တာ။ ကျနော် ဟိုး ၁၀ ရက်လောက်က ရတဲ့သတင်းအရဆိုရင် ဆန် ကတော့ ဈေးနှုန်းကတော့ ဆန်လည်းရှိတယ်၊ ဈေးနှုန်းကတော့ ၉ သောင်း၊ ၁ သိန်းကြားတော့ ရှိတယ်။ ဒါပေမယ့် ဈေးလည်း သိပ်မတက်ဘူးတဲ့။ ဆန်တစ်ခုတော့ မရှားပါးပါဘူးတဲ့။ ရခိုင်ဘက်က သယ်လာတဲ့ ငပိတွေ၊ ငါးခြောက် တွေ၊ ကြက်ဥတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ အဲဒါတွေကတော့ အောက်ပိုင်းကလာတဲ့ ကုန်စည်တွေ မှန်သမျှ တော့ ဈေးတက်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှ ဒေသခံများကို တွေ့ရစဉ်

တိုက်ပွဲကြောင့် လုံခြုံရေး တင်းကျပ်ထားမှု၊ အသွားအလာ ကန့်သတ်မှုများနှင့် လမ်းကြောင်းများ ပိတ်ထားမှု ကြောင့် စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ဆောင်ရန်နှင့် အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်၍ မရဘဲ ဖြစ်နေသည်ဟု သိရသည်။

တချို့သော ငွေကြေးတတ်နိုင်သည့် ပလက်ဝဒေသခံများသည် လူတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျခံ၍ မှောင်ခိုလမ်းကြောင်းဖြင့် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိလာနေသည်ဟု သိရသည်။