CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈

သုံးလကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့သော သံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက် ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ခဲ့သည်။

သံတောင်ဗျူဟာစခန်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

AA က “ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကို ၃ လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူ ဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြော ထားသည်။

AA သည်  မြန်မာ့တပ်မတော်၏ ရခိုင်-ဘဂ်လားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် ၄၀ အနီးရှိ စခန်းအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် သိမ်းပိုက်ထားသလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကိုလည်း သိမ်းပိုက်ထားသည်။

ထို့နောက် မြန်မာ့တပ်မတော်၏ နောက်ထပ် စခန်းတချို့ကိုလည်း ဖြတ်တောက်ပိတ်ဆိုထားကြောင်း၊ ထိုအထဲ တွင် အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်- မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ ပလက်ဝမြို့နယ်အတွင်းက “မြိတ်ဝ စခန်း”လည်း ပါဝင်သည်ဟု AA က စက်တင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 မြန်မာ့တပ်မတော်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု AA ၏ ထုတ်ပြန်ချက်

တပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက် ၂ ကီလိုမီတာခန့်အကွာရှိ မိမိတို့ တပ်ဖွဲ့ဝင် များရှိရာနေရာသို့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေကြောင်း AA က ပြောသည်။

၎င်းက “၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်၊ နေ့လယ် ၁ နာရီ ၄၈ မိနစ်မှစ၍ နှမဒါရွာ၏ တောင်ဘက် ၂ ကီလို မီတာ အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် ၃ စီး၊ စစ်ရဟတ် ယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ယနေ့ ရန်သူ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် ၃ စီးမှ ဗုံး၊ ရော့ကတ် ၁၁ ကြိမ်တိုင်တိုင် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး တပြိုက်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် ၃၀ ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။