CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

လက်ရှိ ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ်နှစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပြီးနောက် လက်တွေ့တွင် တကယ့်အဆုံးအဖြတ်နှစ် ဖြစ်/မဖြစ်ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးလျက်ရှိနေသည်။

လက်နက်ကိုင် လမ်းစဉ်ဖြင့် ဆုံးဖြတ်မှုမှာ ကြာရှည်သွားနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည့်တိုင် တဖက်မှာလည်း ယခုနှစ်ကို အဆုံးအဖြတ်နှစ်ဟု ယုံကြည်ကာ တော်လှန်ရေးကို အရှိန်မြှင့်တင်လျက်ရှိကြောင်း သိရသည်။

လက်ရှိမှာ အဖွဲ့အစည်းပေါင်းများစွာ ရှိ‌နေသည့် ဒေသကာကွယ်ရေးတပ် (PDF) များအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အရ စုစုစည်းစည်း လှုပ်ရှားမှုများ မတွေ့ရှိရသေးကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NUG ဘက်မှာတော့ အဓိက ပြဿနာက အဲဒါပဲ၊ ကျနော်တို့ အရင် မြန်မာ့သမိုင်းကို လေ့လာကြည့်မယ် ဆိုရင်လည်း အရင် ဦးနုက အဲဒီလိုပဲ ဒီမိုကရေစီပါတီဆိုပြီးတော့ တည်ထောင်ပြီးတော့ နယ်စပ်ကနေပြီးတော့ KNU ဒေသကို အခြေပြုပြီးတဲ့ အခါကြတော့ အစိုးရကို ဆန့်ကျင်ဖို့ ပြည်ချစ်တပ်မတော် တစ်ခုထောင် ဖူးတယ်၊ တပ်က တော်တော်လေး အင်အားကြီးလာပါတယ်၊ လက်နက်ခဲယမ်း မီးကျောက်လည်း ပြည့်ပြည့်စုံစုံ ရတယ်၊ ဒါပေမဲ့ အဓိကအားဖြင့် စည်းလုံးညီညွတ်ရေး ပြဿနာတွေ ရှိလာပြီးတော့ အချင်းချင်း တိုက်ကြခိုက်ကြ၊ ကိုယ့်အချင်းချင်း သူ့ပါတီထဲမှာရော သူ့တပ်ဖွဲ့ အချင်းချင်းမှာရော၊ KNU နဲ့ရောပေါ့နော်၊ တိုက်ကြခိုက်ကြပြီးတဲ့ အခါကြတော့ ပြိုကွဲသွားတာပေါ့၊ အခု ဒီဟာကလည်း ပြဿနာက အဲဒါပဲ၊ အခုဟာက တချို့အောက်က လက်နက် ကိုင် အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထ စပြီးတော့ ထူထောင်ရတာဆိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီ လိုတော့ သိပ်ပြီး စုစုစည်းစည်း အတွေးအခေါ်အရရော၊ လှုပ်ရှားမှုအရရောပေါ့နော်၊ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အရ ရော စုစည်းညီညွတ်တာမျိုးတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။

NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းနဲ့ PDF တပ်ဖွဲ့ကိုတွေ့ရစဉ်

စစ်ရေးဆိုင်ရာမှာ အပြောင်းအလဲ တစ်ခုဖြစ်သွားရန် လုပ်ဆောင်နိုင်သော်လည်း အဆုံးအဖြတ်နှစ်ကို မရောက်ရှိ သေးကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ အဆုံးအဖြတ်ပေးတဲ့ အနေအထားကို ရောက်ရှိသွားပြီလို့တော့ ကျနော်တော့ မပြောနိုင် ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပထမအကြောင်း အချက်တစ်ခုက အခု ကိုယ်ထူကိုယ်ထ PDF တွေ ဖွဲ့စည်းမှုမှာ တပ်ရင်းပေါင်း ၅၀၀ ကျော်လောက်ရှိတဲ့ အထဲမှာ တပ်ရင်းပေါင်း ၂၀၀ ကျော်လောက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် NUG ရဲ့ ဦးဆောင်မှု‌အောက်ကို ခံယူမှု မရှိဘဲနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိုက်ခိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီအင်အားစုတွေကို အမြဲတမ်းတပ်အဖြစ် ဖွဲ့စည်းတဲ့ ဖြစ်စဉ်တွေလည်း မပြီးဆုံးသေးပါဘူး။ တချို့ က ဒေသခံ ကာကွယ်ရေး အဖွဲ့အစည်းအဆင့်ပဲ ရှိပါသေးတယ်၊ အဲဒါတွေ စုစည်းပြီးတော့ ကျနော်တို့ ကြီးမားတဲ့ တပ်မဟာတွေ၊ တပ်မဟာတွေ ဖွဲ့စည်းနိုင်တဲ့ အနေအထား မရှိသေးပါဘူး၊ နောက်ပြီးတော့ လက်နက်တပ်ဆင်မှု အရ ပြောလို့ရှိရင်လည်း အခုချိန်မှာ ယေဘုယျ ပြောရလို့ရှိရင် ၆၀ ရာခိုင်နှုန်းလောက် လက်နက်တပ်ဆင်မှု အနေ အထားတော့ ရောက်ရှိနေပါပြီ။ သို့သော်ငြားလည်း ပြန်လှန်ထိုးစစ်ဆင်မှုအတွက် လိုအပ်တဲ့ လက်နက်ကြီးတွေ သုံးစွဲနိုင်မှု အနေအထားက အကန့်အသတ် ရှိနေပါတယ်” ဟု ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးကို ပူးပေါင်းပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသလို အခြားတစ်ဖက်မှာလည်း နစကနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး မဆွေး နွေးသော်လည်း ယာယီအပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိနေ သည်။

မြန်မာ့တပ်မတော်ကိုတွေ့ရစဉ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်ဘဲ အဆုံးအဖြတ်နှစ် မဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NUG တစ်စုံလုံး အနေနဲ့တော့ ဖြစ်ဖို့တော့ မလွယ်လောက်ဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်နက် လက်ရှိ ရှိနေတာ EAO တွေဖြစ်တယ်၊ ပထဝီအနေအထားတွေ သူတို့ပဲ ထိန်းချုပ်နေတဲ့ အပိုင်းတွေ ဖြစ်တယ်၊ EAO တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မပါဘူးဆိုရင် ဒီဟာတော့ ဖြစ်ဖို့တော့ နည်းနည်းတော့ ခက်မယ်လို့တော့ မြင်ပါတယ်၊ ဒါပေမဲ့ တခြားနိုင်ငံ ဥရောပတို့၊ အမေရိကန်တို့ ဂျပန်တခြားပေါ့ အာဆီယံတို့ကနေ ထောက်ပံ့ပြီးမှ ထောက်ပံ့တဲ့ လမ်းကြောင်းတွေ ရှိလာတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ အခုလက် ရှိ အခြေအနေမှာတော့ NUG တစ်ဖွဲ့ထဲနဲ့တော့ မလွယ်လောက်ဘူးလို့ပဲ မြင်ပါတယ်၊ တိုင်းရင်းသားတွေပါမှပဲ ဆုံးဖြတ်နိုင်မယ်လို့ ကျနော်တော့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိမှာ မြန်မာ့တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။