CNI International News

ဘန်ကောက်၊ဖေဖော်ဝါရီ ၂၂

အောက်လွှတ်တော် ဖျက်သိမ်းခြင်းကို မတ်လ အစောပိုင်းတွင် လုပ်ဆောင်ပြီး ရွေးကောက်ပွဲကော်မရှင်(EC)မှ သတ်မှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲအား မေလ ၇ ရက်နေ့၌ လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-chha)က အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် ဝပ်စနူကီရာ-နမ်း (Wissanu Krea-Ngam)က ရွေးကောက်ပွဲ အချိန် အပြင် လွှတ်တော်ဖျက်သိမ်းအပြီး ကြားဖြတ်အစိုးရအဖြစ် လုပ်ဆောင်ရမည်နှင့် မလုပ်ရမည်တို့ကို လွှတ်တော် အမတ်များအား ပြောခဲ့သည်။

ထို့နောက်တွင် ဝန်ကြီးချုပ်က လွှတ်တော်ကို မတ်လတွင် ဖျက်သိမ်းမည်ဟု ပြောသည်။ လွှတ်တော်၏ လေးနှစ် သက်တမ်းသည် မတ်လ ၂၄ ရက်နေ့မှ ကုန်ဆုံးမည်ဖြစ်သည်။ ရွေးကောက်ပွဲ အချိန်နှင့်ပတ်သက်၍ သတင်း ထောက်များက မေးမြန်းခဲ့ရာတွင် ပရာယွတ်က ကျင်းပမည့် နေ့ရက်သည် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင် မှုများ လုပ်ဆောင်နေသည့် EC နှင့်သာဆိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းအောက်လွှတ်တော်ကိုတွေ့ရစဉ် (Thai PBS)

လွှတ်တော်ဖျက်သိမ်းရန် စီစဉ်နေစဉ်တွင် ပြောင်းလဲရန် ပြင်ဆင်နေသည့် အရေးကြီးသော ဥပဒေမူကြမ်းများနှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် ဝန်ကြီးချုပ်က ဝန်ကြီးများနှင့် လွှတ်တော် အမတ် များကို ပြောခဲ့သည်။

သို့သော် ဝန်ကြီးချုပ်သည် လွှတ်တော်ဖျက်သိမ်းရေးကို အချိန်ဆွဲ ဆောင်ရွက်နေသည်ဆိုသော ဝေဖန်မှုများကို ပရာယွတ်က ငြင်းသည်။

သူ၏ United Thai Nation ပါတီသည် ရွေးကောက်ပွဲ ဝင်ပြိုင်ရေး အဆင်သင့် ဖြစ်စေရန် အချိန်များစွာ လိုအပ်နေ သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။

လွှတ်တော် ဖျက်သိမ်းသည်ဖြစ်စေ ဆက်ရှိနေသည်ဖြစ်စေ အစိုးရသည် နောက်ထပ် အစိုးရသစ် မဖွဲ့စည်းရမချင်း ကြားဖြတ်အစိုးရအဖြစ် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပရာယွတ်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ နောက်ထပ် တိုးတက်ပြောင်းလဲမှု တစ်ခုအဖြစ် ဖွဲ့စည်းပုံ တရားရုံးသည် ပြည်နယ်တစ်ခုချင်း စီ၌ လွှတ်တော်အမတ် မည်မျှပါဝင်ရမည်ဆိုခြင်းအား သတ်မှတ်နိုင်ရေး တွက်ချက်ရာတွင် ထိုင်းမဟုတ်သူများပါ ပါဝင်နိုင်မလား ဆုံးဖြတ်ပေးရေ EC ၏ တောင်းဆိုမှုကို အင်္ဂါနေ့တွင် လက်ခံလိုက်ပြီ ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် မတ်လ ၃ ရက်တွင် အမိန့်ချမှတ်ရန် စီစဉ် ထားသည်ဟု တရားရုံး သတင်းအရင်းအမြစ်များက ပြောသည်။

Source: ဘန်ကောက်ပို့စ်