CNI International News

ဘန်ကောက်၊ မေလ ၂၉

ထိုင်းနှင့်ကမ္ဘောဒီးယား စစ်သားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

အဆိုပါ ပစ်ခတ်မှုတွင် ထိုင်းစစ်သားများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ထိုင်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝိချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်။

မေလ ၂၈ ရက် နံနက်အစောပိုင်းက အူဘွန် ရတ်ချသာနီ (Ubon Ratchathani) မြို့ ချွန်ဘော့ (Chong Bok) နယ်စပ်ဂိတ်တွင် ထိုင်းနှင့်ကမ္ဘောဒီးယား စစ်သားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖွမ်သမ်က အတည်ပြုခဲ့သည်။

ထိုနယ်စပ်ဒေသသည် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဇုန်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားသည် ယခင်က ချွန်ဘော့နယ်စပ်၏ Hill 745 ဒေသတွင် ကတုတ်ကျင်းတစ်ခု တူးခဲ့ကြောင်း၊ ယခုဖြစ်စဉ်သည် အငြင်းပွားနေသည့် ဒေသကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကမ္ဘောဒီးယားက စစ်သားများကို ဖြန့်ကြက်ချထားမှု  ဒုတိယ အကြိမ်မြောက် ဖြစ်စဉ်ဟု ဖွမ်သမ်က ရှင်းပြခဲ့သည်။

ထိုအချိန်အတောအတွင်း ထိုင်းစစ်သားများက ထိုဒေသကို ကင်းလှည့်ချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားဘက်က အရင်စတင် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝိချာယာချိုင်းကို တွေ့ရစဉ်

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဆိုင်ဟာ (Tea Seiha) ၏ လက်ထောက်က ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နက်သာပွန်း နက်ပါနစ်ချ် (Natthapon Nakpanich) ကို ဖုန်းခေါ်ခဲ့ပြီး နှစ်ဘက်စလုံးက တင်းမာမှုများကို လျှော့ချရန် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် ထိုင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယား တပ်ဖွဲ့များသည် ထိုနယ်စပ်ဒေသတွင် တပ်ဖြန့်ထားဆဲဖြစ်သည်။

“ထိုင်းရဲ့ အချုပ်အခြာအာဏာနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ မဖြစ်မနေ ပြန်လည် ပစ်ခတ်ခဲ့ရတယ်ဆိုတဲ့  သတင်း ကို ကျနော်ရခဲ့ပါတယ်။ သတိရှိဖို့ ညွှန်ကြားထားပါတယ်။ အပစ်အခတ်ရပ်စဲသွားပေမယ့် နှစ်နိုင်ငံစလုံးက ရင်ဆိုင် နေတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန် (Boonsin Padklang) ကိုလည်း အဲဒီနေရာမှာ တပ်စွဲခိုင်းထားပါတယ်”ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားစစ်သားများသည် ၂၀၀၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သည့် နားလည်မှု စာချွန်လွှာကို ချိုးဖောက်ပြီး ထိုဒေသသို့ ဝင်ရောက်ခဲ့ခြင်း ရှိ/မရှိ မေးမြန်းခံရချိန်တွင် ဖွမ်သမ်က ထိုဒေသအား တရားဝင် နယ်စပ်စည်း မဆွဲရသေးဘဲ ပိုင်ဆိုင်ကြောင်း သဘောတူညီချက်လည်း မရှိကြောင်း ပြောကြားခဲ့သည်။ 

Source: The Nation