CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နေအိမ်တစ်အိမ်ကို လက်နက်များ ကိုင်ဆောင်ထားသော လူတစ်စုက ဝင်ရောက် အနိုင်ကျင့် ရမ်းကားမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA )နှင့် တစ်စုံတစ်ရာ ပတ်သက် ဆက်စပ်မှု မရှိကြောင်း ယနေ့ (မတ်လ ၂၉ ရက်)တွင် AA က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်က လူအင်အား ၃၀ ပါသည့် လူတစ်စုသည် တုတ်၊ ဓါးနှင့် သေနတ်များ ကိုင်ဆောင်၍ စစ်တွေမြို့ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်ပြီး အုပ်စုဖွဲ့ အနိုင်ကျင့်ခဲ့ကြောင်း၊ ထိုလူအုပ်စုသည် AA မှဖြစ်ကြောင်း ထုတ်ဖော်ပြောကြား၍ အနိုင်ကျင့်ခဲ့ကြောင်း သိရသည်။

ULA/AA က “အုပ်စုဖွဲ့ အနိုင်ကျင့် ရမ်းကားမှုမှာ မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နဲ့ တစ်စုံတစ်ရာ ပါဝင် ပတ်သက်မှုမရှိကြောင်း အများပြည်သူများ သိရှိစေရန် လေးစားစွာဖြင့် အသိပေး ရှင်းလင်းအပ်ပါသည်”ဟု ယနေ့ (မတ်လ ၂၉ ရက်) ထုတ်ပြန်ချက်တွင် ပြောထားသည်။



ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားမျှတမှုကို လိုလားကြောင်း အနိုင်ကျင့်ခံရသူ မိသားစုဝင်များမှ တောင်းဆိုထားသည်။

လက်ရှိအချိန်ထိ လက်နက်များကိုင်ဆောင် အုပ်စုလိုက် အနိုင်ကျင့်ခဲ့သူများမှာ မည်သည့် အဖွဲ့အစည်းကဖြစ်ကြောင်း မသိရ သေးပေ။