CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

ကိုလံဘီယာအစိုးရ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးရယူထားသော FARC သူပုန်များမှ အသစ်ထွက်ပေါ် လာသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကိုလံဘီယာသမ္မတ Gustavo Petro မှ တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့သည်။

ကိုလံဘီယာတော်လှန်ရေးတပ်ဖွဲ့ (FARC) နှင့် ကိုလံဘီယာ အစိုးရတို့ကြား ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေး ရယူခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးကို လက်မခံသည့် FARC အဖွဲ့ထဲက အတိုက်အခံများနှင့် ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမည်ဟု သမ္မတ Gustavo Petro ကတိပြုထားသည်။
Petro သည် ၎င်း၏ တွစ်တာအကောင့်တွင် ကိုလံဘီယာအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နာ Danilo Rueda နှင့် အတိုက်အခံတပ်မှူးများ တွေ့ဆုံမှုကို ပြသထားသည့် ဓာတ်ပုံနှစ်ပုံကို တနင်္ဂနွေနေ့တွင် လွှင့်တင်ခဲ့ပြီး “ဆွေးနွေးမှုတစ်ခု စတင်ပြီ” ဟု ရေးသားထားသည်။

ကိုလံဘီယာအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ FARC သူပုန်ကနေ ခွဲထွက်ခဲ့သော အဖွဲ့ ဆွေးနွေးနေစဉ်

ဓာတ်ပုံများ၏ နောက်ခံဆိုင်းဘုတ်များတွင် FARC အဖွဲ့ခွဲတစ်ခုဖြစ်သည့် Jorge Suarez Briceno Front ၏အမည်ကို ပြသထားသည်။

ကိုလံဘီယာအစိုးရ၊ လက်ဝဲယိမ်းသူပုန်များ၊ လက်ယာယိမ်းလက်နက်ကိုင်များနှင့် မူးယစ်ဆေးမှောင်ခိုဂိုဏ်းများ ကြား ပဋိပက္ခသည် ၁၉၈၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူပေါင်း ၄၅၀,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။

ကိုလံဘီယာ အစိုးရသည် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN)နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေး လျက်ရှိနေသည်။

ကိုလံဘီယာသမ္မတ Gustavo Petro သည် M-19 လက်နက်ကိုင်အဖွဲ့၏ အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ကိုလံဘီယာ သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသည်။