CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၉

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို တရုတ်အနေဖြင့် ၎င်း၏ပိုင်နက်အစိတ်အပိုင်းဟု ကြေညာထားသော် လည်း ကျူးကျော်ရန် ကြိုးပမ်းပါက မိမိတို့အမေရိကန်တပ်ဖွဲ့ဝင်များက ကာကွယ်ဟန့်တားသွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ခြင်းဖြင့် ကျွန်း၏ဒီမိုကရေစီအရေးကို တရားဝင်ထောက်ခံကြောင်း ပြသခဲ့သည် ဟု အေပီသတင်းဌာနက စက်တင်ဘာ ၁၉ ရက် (ယနေ့)တွင် ရေးသားဖော်ပြသည်။

စက်တင်ဘာ ၁၈ ရက်၌ CBS မီဒီယာမှ ထုတ်လွှင့်ခဲ့သော မိနစ် ၆၀ အစီအစဉ်တွင် “အကယ်၍ တရုတ်က ကျူးကျော်ခဲ့လျှင် အမေရိကန်အနေဖြင့် အကာအကွယ်ပေးရန် ရှိ/မရှိ” မေးခွန်းကို ဘိုင်ဒန်က “ရှိပါတယ်” အတည်ပြုပြောကြားခဲ့သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင် အမေရိကန်မူဝါဒ အပြောင်းအလဲမရှိကြောင်း အိမ်ဖြူတော်က ပြောကြားသည်ဟု CBS သတင်းတွင် ဆက်လက်ထုတ်လွှင့်ခဲ့သည်။ ထိုင်ဝမ်၏အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်း အမေရိကန်မူဝါဒက ညွှန်းဆိုသော်လည်း တရုတ်၏ တိုက်ခိုက်မှု တုံ့ပြန်ရန်အတွက် အမေရိကန်တပ်ဖွဲ့များ စေလွှတ်ရန် ရှိ/မရှိကို အတိအကျ မပြောကြားပေ။

အမေရိကန် အလံနှင့် ထိုင်ဝမ်အလံတို့ကို ကိုင်ဆောင်ထားသူတစ်ဦး(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယခင်လ၌ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ အပါအဝင် အမေရိကန်နိုင်ငံရေးသမားများ တိုင်ပေ မြို့တော်သို့ ဆက်တိုက်လာရောက်ခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏အစိုးရက ထိုင်ဝမ်ကျွန်းအနီးတဝိုက် ပင်လယ် ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီး တိုက်လေယာဉ်များ ဝဲပျံစေခဲ့သည်။

ထိုင်ဝမ်လုံခြုံရေးအတွက် ခိုင်မာသော ကတိပြုသည့်အတွက် ဘိုင်ဒန်ကို မိမိတို့စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ပါ ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက် (ယနေ့)တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သည် အာဏာရှင်တို့၏ချဲ့ထွင်မှုနှင့်ရန်လိုမှုများကို တွန်းလှန်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ် မှုကို ထိန်းသိမ်းရန် ဝါရှင်တန်နှင့်အခြားအစိုးရများ၏ အလားတူအတွေးအခေါ်များဖြင့် လုံခြုံရေးအရ မိတ်ဖက် ဆက်ဆံရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ခဲ့သည်။

ထိုင်ဝမ်ထံတွင် မိမိကိုယ်မိမိ ခုခံကာကွယ်ရန် နည်းလမ်းရှိကြောင်း ထုတ်ပြနိုင်ဖို့ ဝါရှင်တန်တွင် တာဝန်ရှိ သော်လည်း အမေရိကန်တပ်များ စေလွှတ်မည်ဟူ၍ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခြင်းမရှိသော်လည်း အလွတ်သဘော ဆက်ဆံရေးကို ဆက်လက်ထားရှိသည်။

Source: AP