CNI International News

ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၈

ကိုလံဘီယာနိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သည့် ELN အဖွဲ့၏ အကြီးအကဲက အစိုးရ အနေနှင့် ၎င်းတို့အဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးမည့်  ပရောဂျက်များ လုပ်ဆောင်ပေးမည်ဆိုသော ကတိ စကားအတိုင်း လုပ်ဆောင်ပေးမည်ဆိုပါက ပြန်ပေးဆွဲမှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN)၏ တပ်မှူးဖြစ်သူ အန်တိုနီယို ဂါစီယာ (Antonio Garcia)က ကိုလံဘီယာ အစိုးရအရာရှိများနှင့် ဂျာနယ်လစ်များသည် ဒီဇင်ဘာ ၁၇ ရက်က အများပြည်သူကို သတင်းအမှား များပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ 

ကိုလံဘီယာအစိုးရသည် အပစ်အခတ်ရပ်စဲရေး နောက်ထပ်တစ်နှစ် သက်တမ်းတိုးမည်ဆိုပါက ELN သူပုန်အဖွဲ့ သည် အရပ်သားများကို ပြန်ပေးဆွဲမှုများအား ရပ်တန့်လိမ့်မည်ဟု ကိုလံဘီယာအရာရှိများနှင့် ဂျာနယ်လစ်များ၏ ဖော်ပြချက်များသည် သတင်းအမှားသာဖြစ်သည်ဟု ဂါစီယာက ပြောသည်။   

လက်ရှိတွင် ကိုလံဘီယာ ပြည်သူများသည် ELN အဖွဲ့၏ ပြန်ပေးဆွဲမှုများကြောင့် လူထု၏ မကျေနပ်ချက်များ မြင့်တက်လျက်ရှိသည်။  

ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာသူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်

ဂါစီယာကမူ မကြာသေးမီက မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများအတွင်း ရရှိခဲ့ သော သဘောတူညီချက် တစ်ခုအရ အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အပစ်အခတ်ရပ်စဲမှု များအတွက် ELN အဖွဲ့ကို ရန်ပုံငွေများ ရရှိစေမည့် နည်းလမ်းများ ရှာဖွေပေးမည်ဟု ကတိပြုခဲ့ကြောင်း ဂါစီယာက ပြောသည်။ 

ကိုလံဘီယာအစိုးရနှင့် လက်ဝဲယိမ်း သူပုန်အဖွဲ့ဖြစ်သည့် ELN အဖွဲ့အကြား ၁၉၆၉ ခုနှစ်များကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ELN အဖွဲ့ထက် အင်အားပိုကြီးသည့် ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့(FARC)သည် ၂၀၁၆ ခုနှစ်တွင် ကိုလံဘီယာအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။ 

သို့သော် လက်နက်ကိုင်အင်အား ၂၀၀၀ မှ ၄၀၀၀ အကြားရှိသည့် ELN သည် ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံတို့ တွင် ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။ 

ELN ခေါင်းဆောင် ဂါစီယာကမူ အပစ်အခတ်ရပ်စဲရေးအတွက် ရန်ပုံငွေ ရှာဖွေမှုသည် ပြန်ပေးဆွဲမှုများ ဆိုင်းငံ့ ရေးနှင့် ဆက်နွှယ်မှုရှိသင့်ကြောင်း၊ ငြိမ်းချမ်းရေးသည် တစ်ဖက်တည်းအတွက် မဟုတ်ဘဲ လူတိုင်းနှင့်သက်ဆိုင် ကြောင်း၊ လူတိုင်း အကျိုးအမြတ်ရသင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းသင့်ကြောင်း ပြောကြားခဲ့သည်။ 

Source: အေပီ