CNI International News

ဘိုဂိုတာ ၊ ဇန်နဝါရီ ၂၁

ကိုလံဘီယာနိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၈၀ အထိရှိလာကြောင်း အာဏာပိုင်များက ပြော ကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ELN) သူပုန်များက နိုင်ငံမြောက်ပိုင်း ကာတာတွမ်ဘို (Catatumbo) ဒေသရှိ လူမျိုးစုခေါင်းဆောင်များ၊ သီးခြားသူပုန်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ထိုအကြမ်းဖက်မှုသည် မကြာသေးမီ နှစ်များအတွင်း လူသေဆုံးမှု အများဆုံး အကြမ်းဖက်မှုဖြစ်ကြောင်း ကိုလံဘီယာကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဗီလာစကွက်ဇ် (Ivan Velasquez) က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ကိုလံဘီယာသမ္မတ ပက်ထရို (Gustavo Petro)ကလည်း ELN သည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း စွပ်စွဲခဲ့ပြီး ထိုသူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆိုင်းငံ့ခဲ့သည်။

ELN သည် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) သူပုန်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ကူကူတာ ( Cucuta) မြို့ရှိ လူမျိုးစု အကြီးအကဲများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။

ELN သူပုန်အဖွဲ့ကို တွေ့ရစဉ်

ကိုလံဘီယာ သူပုန်အဖွဲ့များသည် အစိုးရ၊ လက်ယာယိမ်း အရန်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကဲ့သို့ တရားမဝင် ဝင်ငွေရှာရန်အတွက် အခြားသူပုန်အဖွဲ့များနှင့်လည်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်လျက်ရှိသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့အား ဆန့်ကျင်သည့် အရပ်သားများကိုလည်း မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် လူပေါင်း ၈၀၀၀ ခန့် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဗီလာစကွက်ဇ်က ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ ၆၀ ရှိသည်ဟု ဖော်ပြထားသော်လည်း လူ့အခွင့်အရေးဆိုင်ရာ အစိုးရအရာရှိ တစ်ဦးကမူ သေဆုံးသူ ၈၀ အထိရှိကြောင်း ပြောကြားခဲ့သည်။

ELN ၏ ထုတ်ပြန်ချက်တွင်မူ လက်နက်ဖြုတ်သိမ်း လိုက်ပြီဖြစ်သည့် FARC သူပုန်များသည် လက်နက်များ ပြန်လည် စွဲကိုင်ခဲ့ကြောင်းနှင့် သေဆုံးသူများသည် အရပ်သားများ မဟုတ်ကြောင်း ဖော်ပြထားသည်။

Source: ရိုက်တာ