CNI International News
ဝါဆော၊ ဇန်နဝါရီ ၂၁
ပိုလန်နိုင်ငံသည် ဥရောပသမဂ္ဂ၏ ၆ လသက်တမ်း ကြာမြင့်သည့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားချိန်အတွင်း လုံခြုံရေးကဏ္ဍကို အာရုံစိုက်လုပ်ဆောင်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပိုလန်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဥရောပ၏ အကြီးဆုံး စစ်မြေပြင်တစ်ခု ဖြစ်ခဲ့သဖြင့် ဥရောပသမဂ္ဂ ကို ကာကွယ်ရန်နှင့် ရုရှား၏ မဟာမိတ်ဖြစ်သည့် ဘယ်လာရုစ်နိုင်ငံတို့နှင့် နယ်စပ်ချင်း ထိစပ်နေခြင်းကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
ထို့ကြောင့် ပိုလန်သည် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) ရှည်လျားသည့် ၎င်း၏ နယ်စပ်ဒေသကို ကာကွယ်ရန် နယ်ခြားစောင့်တပ်ဖွဲ့များနှင့် စစ်သားအင်အား ၁၃,၀၀၀ ကို ဖြန့်ကြက်ချထားသည်။
လွန်ခဲ့သည့် ၃ နှစ်က ဘယ်လာရုစ်၏ မဟာမိတ် ရုရှားသည် အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကတည်းက ပိုလန်သည် ကြားခံနယ်တစ်ခု ဖြစ်လာခဲ့သည်။
ယူကရိန်းသမ္မတနဲ့ ပိုလန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထို့ပြင် ပိုလန်သည် ရုရှား ကလင်နင်ဂရက် (Kaliningrad) ဒေသနှင့် ထိစပ်နေသည့် ၎င်း၏ မြောက်ပိုင်းနယ်စပ် ကိုလည်း အခိုင်အမာ ခံတပ်ပြင်ဆင်ထားသည်။
ပိုလန်သည် ရုရှားနှင့်စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းအတွက် ထိပ်သီး ထောက်ပို့လမ်းကြောင်း တစ်ခုဖြစ်သည်။
အနောက်နိုင်ငံများမှ ပေးပို့ခဲ့သည့် လက်နက်ခဲယမ်းများနှင့် ပစ္စည်းကိရိယာများသည် ပိုလန်နယ်စပ်မှတဆင့် ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်အတွင်း ရုရှားကလည်း ၎င်း၏ ကျူးကျော်စစ်အတွက် ဘယ်လာရုစ်နိုင်ငံကို စစ်ပြင်ဆင်သည့် ဇုန်တစ်အခု အဖြစ် အသုံးပြုနေသည်။
ထို့ကြောင့် ပိုလန်သည် ဘယ်လာရုစ်နှင့် ထိစပ်နေသည့် နယ်စပ်ဒေသအနီးရှိ ပိုလော့စ် (Połowce) မြို့ နယ်စပ် တွင် သံဆူးကြိုးများ တပ်ဆင်ထားသော ၅ ဒသမ ၅ မီတာ (၁၈ ပေ) အမြင့်ရှိ ခြံစည်းရိုးတစ်ခု ကာလိုက်၍ လုံခြုံရေးကင်မရာများကိုလည်း တပ်ဆင်ခဲ့သည်။
Source: အေပီ