CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁
မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖော်ဆောင်ရန် ကောင်းသောလက္ခဏာဖြစ်၍ လူထုသက်သာသွားနိုင် သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် MNDAA နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံခဲ့ကာ ဇန်နဝါရီ ၁၈ ရက်မှစပြီး အပစ်ရပ်ရန် သဘောတူခဲ့ကြခြင်းဖြစ်ပြီး သဘောတူညီမှု အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
MNDAA နှင့် မြန်မာ့တပ်မတော်တို့၏ သဘောတူညီချက်သည် လူထုသက်သာသွားနိုင်ပြီး နယ်စပ်ကုန်သွယ်ရေး များ ပြန်ဖွင့်ရန် ကောင်းသောလက္ခဏာများဖြစ်ကြောင်း၊ ထိုသဘောတူညီချက်သည် မကြာခင် အခြားမြောက်ပိုင်း မဟာမိတ်အဖွဲ့များသို့ လက်ဆင့်ကမ်း ကူးစက်သွားနိုင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းကို တွေ့ရစဉ်
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာပဲဖြစ်ဖြစ် အပစ်ရပ်တယ်ဆိုရင်တော့ လောလောဆယ်ဆယ်က လူထုသက်သာ တာပေါ့ဗျာ၊ ဗုံးတွေဘာတွေ မထိဘူး၊ သို့သော် အသေးစိတ် အပေးအယူတွေကတော့ စောင့်ကြည့်ရဦးမယ်ဗျ ဘယ်လိုဖြစ်မလဲဆိုတာ ဘာပဲဖြစ်ဖြစ်တော့ တရုတ်ပြည်အတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ ဘာတွေ ပြန်လည်ဖော်ဆောင်ဖို့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ အဲတာတွေအတွက်တော့ ကောင်းတဲ့လက္ခဏာ ဖြစ်သွားမှာပေါ့ဗျာ အပစ်ရပ်လိုက်တော့၊ နစ်နာမယ်ဆိုရင် ဘယ်သူကမှ သဘောတူမှာ မဟုတ်ပါဘူး၊ ကိုးကန့် ဘက်ကဖြစ်စေ၊ SAC ဘက်ကဖြစ်စေ၊ နစ်နာမယ်ဆိုရင် ဘယ်သူမှ သဘောတူမှာ မဟုတ်ပါဘူး၊ နစ်နာမှုမရှိဘူး နှစ်ဖက်စလုံးအတွက် ဘယ်သူမှ မနာစေရတဲ့ဟာပေါ့ဗျာ၊ ဘယ်သူမှ မနာဘူးဆိုတဲ့ အခြေခံပေါ်မှာ သဘောတူ သွားတယ်နဲ့ တူပါတယ်၊ ဒီသဘောတူချက်က မကြာခင်မှာပဲ တခြား မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဆီလည်းပဲ လက်ဆင့်ကမ်းပြီးတော့ ကူးစက်သွားနိုင်ပါတယ်၊ အဲဒီလို ကူးသွားမယ်ဆိုရင်လည်းပဲ အဲဒီကူးသွားတဲ့ အပေါ်မှာ ဘယ်သူမှ မနစ်နာတဲ့ သူလိုချင်တာလည်းသူရ ကိုယ်လိုချင်တာလည်း ကိုယ်ရဆိုတဲ့ အနေအထားမျိုး ဆက်သွား နိုင်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
မြန်မာပြည်မြောက်ပိုင်းတွင် အခြေအနေပုံမှန် ပြန်ဖြစ်လာခြင်းသည် မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနှင့် ဒေသတွင်း နိုင်ငံများအားလုံးအတွက် ဘုံအကျိုးစီးပွားဖြစ်စေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ ဖွံဖြိုးတိုးတက်ရန် လုံခြုံရေးအတွက်လည်း အထောက်အကူ ဖြစ်စေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့ပေးရန်၊ ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ရရှိစေရန် တရုတ်က တက်ကြွစွာ ဆက်လက် ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား အပစ်ရပ်ရန် သဘောတူညီပြီးနောက် တရုတ်-မြန်မာ နယ်စပ်ဂိတ် များဖြစ်သည့် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်များအား တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ထားသလို ကိုးကန့်ဒေသနှင့် “ဝ” ဒေသတို့အကြား ကုန်စည်သယ်ယူခွင့်ကိုလည်း ပြန်လည်ခွင့်ပြုပြီဟု “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် တရုတ်၏ ဖိအားများလည်း ပါဝင်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာလှကျော်ဇောက “ဖြစ်နိုင်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ MNDAA က အပစ်အခတ်ရပ်တယ်ဆိုတာ ပြောနေတာကြာပြီပဲ၊ စစ်ကောင်စီကသာ မပြောသေးတာ ဖြစ်တာကိုး၊ စစ်ကောင်စီက မပြောပဲနဲ့ လားရှိုးကို ဗုံးတွေချနေတာ ခုဗုံးချတာတော့ တစ်ရက် နှစ်ရက်တော့ ရပ်သွားတာ သတိထားလိုက်မိတယ်၊ အခုက ၂ ဦး တစ်ပြိုင်နက်ထဲ ကြေညာတာဖြစ်တာပေါ့၊ MNDAA က အစောကြီးထဲက ပြောထားပြီးပြီပဲ အပစ်အခတ်ရပ်စဲ ထားတယ်လို့ တရုတ်ရဲ့ဖိအားလည်း ပါတာပေါ့နော်၊ တရုတ်က ဗမာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရှိလို့မဖြစ် ဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်မှဖြစ်မယ်နဲ့ ပြောနေတာကြာပြီ၊ အဲတော့ တရုတ်က ဖိအားပေးလို့ အခုကတော့ အရင်တုန်းကတော့ ကိုးကန့်တစ်ဖက်ထဲကပဲ ဖိအားလိုက်လျောထားတာ အခုက စစ်ကောင်စီကပါ တစ်စုံတရာ လိုက်လျောရတယ်နဲ့တူပါတယ်၊ စစ်ကောင်စီ ရှုံးတာပေါ့ဗျာ တကယ်တော့ သူက လားရှိုး ပြန်တောင်းတာ ပြန်မရ ဘဲနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရတာပေါ့ဗျာ၊ MNDAA ကတော့ သူ့နဂိုနေရာရယ် သူထပ်ပြီးရတဲ့ နေရာတွေ ရယ် “ဝ” တို့၊ မိုင်းလားတို့လို သူ့အခြေခံဒေသလေးဖြစ်အောင် တည်ဆောက်တော့မှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ လောက် ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ သိန္နီ စသည့်မြို့များအား တိုက်ခိုက် ထိန်းချုပ်ထားသည်။