CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
ကိုးကန့်တပ်(MNDAA)၏ တပ်စခန်းများ နောက်ဆုတ်ရန် ညှိနှိုင်းမှု အဆင်မပြေသည့်နောက် မြန်မာ့တပ်မတော်နှင့် တင်းမာမှုများ ဖြစ်ပေါ်လာသည့် အခင်းအကျင်း၌ တရုတ်၏ ကြားဝင်ပေးမှုက အရေးကြီးကြောင်း ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အပြင်ဘက်တွင် ကိုးကန့်တပ်(MNDAA)ဘက်မှ တပ်စွဲထားသည့် တပ်စခန်း များကို ပြန်လည်ဆုတ်ခွာပေးရန် မြန်မာ့တပ်မတော်က တောင်းဆိုမှုကြောင့် နှစ်ဖက် အဖွဲ့အစည်းအကြား တင်းမာ မှုများ ဖြစ်ပေါ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များထံမှ သိရသည်။
ထိုအခင်းအကျင်းသည် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ဦးဆောင်ကာ ကြားဝင်စေ့စပ် ပေးခဲ့သည့် လားရှိုးမြို့ ပြန်လည်လွှဲပြောင်းစဉ်က သဘောတူညီချက် အသေးစိတ် အချက်အလက်အပေါ် မူတည်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ထိုသဘောတူညီချက်တွင် MNDAA ကို တပ်စွဲခွင့်၊ ဆက်လက် ရပ်တည်ခွင့် ပေးထားသည်ဆိုပါက မြန်မာ့ တပ်မတော်ဘက်မှ ပြန်လည်ဆုတ်ခွာခိုင်းမှုသည် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒါကြောင့် လားရှိုးကို ပြန်အပ်ပေမယ့် လားရှိုးပြင်ပ ရောက်နေရာတွေမှာ MNDAA ဆက်လက် ရပ်တည်ခွင့်၊ တပ်စွဲခွင့်ကို သဘောတူထားတယ် ဆိုရင်တော့ အခု စစ်ကော်မရှင်ဘက်က ပြန်ပြီးတော့ ဆုတ်ခိုင်းရင်တော့ ဒါသဘောတူညီချက် ဖောက်တာပေါ့။ ဒါကြောင့် မူလ သဘောတူညီချက်အပေါ် မူတည်ပြီး တော့ စဉ်းစားရမယ်လို့ ယူဆပါတယ်။ ဒါကြောင့် သဘောတူညီချက်ကလည်း ဘာမှန်း ကျနော်တို့ မသိတော့ စဉ်းစားရ နည်းနည်းခက်ပါတယ်။ နောက်ပြီးတော့ ဒီကိစ္စမှာ မူလသဘောတူညီချက်ကို ဦးဆောင်ခဲ့တာ တိန့်ရှီကျွင်း တရုတ်အထူးကိုယ်စားလှယ်ဆိုတော့ တရုတ်အထူးကိုယ်စားလှယ်ရဲ့ အဆုံးအဖြတ်ပေါ့လေ။ တရုတ် ကြားဝင်မှုကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ တရုတ်က လျစ်လျူရှုမယ် ဆိုရင်တော့ လက်နက်ကိုင်တစ်ခါ ဖြစ်လာနိုင်ပါတယ်။ ဒါကို ကျနော်တို့လည်း ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး။ တရုတ်က ဒီအခင်းအကျင်းမှာ ဘာမှ မပြောသေးဘူးဆိုတော့။ နည်းနည်းလေးများ စောနေသလားပေါ့ သို့တည်းမဟုတ် စစ်ကောင်စီဘက်ကလည်း စာချုပ်ကို ကျော်လွန်ပြီးတော့ တောင်းသလား၊ စာချုပ်ထဲကအတိုင်း အချိန်ကာလ အကန့်အသတ်၊ ရက်အကန့် အသတ် ပြည့်လို့များ တောင်းသလားတော့ မသိဘူးပေါ့လေ။ စာချုပ်ကို ကျနော်တို့မှ လုံးဝ မဖတ်ရတာ။ ဒါကြောင့် တရုတ်ရဲ့ လေသံကိုလည်း နားထောင်သင့်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
MNDAA သည် လားရှိုးမြို့ကို မြန့်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်း ပေးအပ်ထားခြင်းဖြစ်သော်လည်း လားရှိုး မြို့ ပြင်ပ ပတ်ပတ်လည်၌ MNDAA တပ်စွဲထားမှု အများအပြား ရှိနေကြောင်း လားရှိုးဒေသခံထံမှ သိရသည်။
ရွေးကောက်ပွဲ လုံခြုံမှုနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးအတွက် သေချာစိတ်ချစေရန် တပ်မတော် ဘက်မှ MNDAA တပ်စခန်းများအား ဆုတ်ခွာခိုင်းမှု ဖြစ်နိုင်ကြောင်း၊ နှစ်ဖက် အဖွဲ့အစည်း အနေဖြင့် မူလ သဘော တူ ထားသည့်အတိုင်း လိုက်နာကြရန်လိုကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ရေရှည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေသလုံခြုံရေးအတွက် သူတို့စိတ်ချရအောင် လုပ်တာနဲ့ တူပါတယ်။ ဒါကြောင့် နောက် လမ်းကလည်း ပွင့်ဖို့လိုလာတဲ့ အခါကြတော့ စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲ လုံခြုံမှုရယ်၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မှုရယ် ဒီအပေါ်မှာ ပိုပြီးတော့ သေချာစိတ်ချရအောင် One Belt One Road ဘယ်၊ ညာ နှစ်ဖက်ရှိနေတဲ့ ရွာတွေမှာ အခြေခံနေတဲ့ ကိုးကန့်တပ်ကို ဆုတ်ခိုင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်က ဘာမှ မေတ္တာရပ်ခံတာ မရှိဘူးဆိုရင်တော့ ဆုတ်မှာမဟုတ်ဘူးလေ။ မူလ သဘောတူချက် အတိုင်းပဲ သူရပ်မှာပဲ။ ကတိသစ္စာရှိတဲ့ အတိုင်းပေါ့ agreement ပေါ့ သဘောတူထားတဲ့ အတိုင်းကိုလည်း နှစ်ဖက်က လိုက်နာဖို့လိုတာပေါ့” ဟု ပြောသည်။
နိုဝင်ဘာ ၁၁ ရက်ကစပြီး လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်(MNDAA)တို့ တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
မြန်မာ့တပ်မတော်သည် အောက်တိုဘာ ၁၇ ရက်တွင် သီပေါမြို့ကို တအာင်းတပ်(TNLA)ထံမှ သိမ်းယူပြီးနောက် ပြည်ထောင်စုလမ်း၏ မန္တလေး-သီပေါလမ်းပိုင်းကို နေရာယူထားခြင်း ဖြစ်သည်။
ထို့အတူ ကိုးကန့်တပ်(MNDAA)သည်လည်း ပြည်ထောင်စုလမ်း၏ သီပေါ-လားရှိုးလမ်းပိုင်းကို ထိန်းထားခြင်း ဖြစ်သည်။
နှစ်ဖက်အကြား စစ်ရေးတင်းမာနေသည့် အခြေအနေ၌ လားရှိုးမြို့တွင် စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
