CNI International News

တီဟီရန်၊ နိုဝင်ဘာ ၁၈

အီရန်နိုင်ငံတွင် ကြေညာမထားသည့် ယူရေနီယံ သန့်စင်မှုများ မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့ပြင် မိမိတို့ နျူကလီးယားစက်ရုံ အားလုံးသည် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စောင့်ကြပ်မှု နှင့် အနီးကပ် ကြည့်ရှုမှု အောက်တွင် ရှိနေကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ ပြောကြားမှုသည် အီရန်အနေဖြင့် ၎င်း၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု များကို ပြန်လည် စတင်လိုသည့် လက္ခဏာ တစ်ခုအဖြစ် ရှုမြင်နိုင်သည်။

အီရန်၏ နျူကလီးယား စီမံကိန်းသည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးကဲ့သို့ နိုင်ငံများနှင့် အီရန် ကြား ထိပ်တိုက် တွေ့နေရသည့် အရေးကိစ္စတစ်ခုဖြစ်သည်။

အီရန်သည် နက်တန့်ဇ် (Natanz) မြို့အနီးတွင် ယူရေနီယံသန့်စင်ရေး စက်ရုံသစ် တည်ဆောက်နေကြောင်း ဝါရှင်တန်ပို့စ်နှင့် နယူးယောက်တိုင်းစ်မ် သတင်းစာများက ဖော်ပြခဲ့ပြီးနောက် အာရက်ချီ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန် ယူရေနီယံစက်ရုံနေရာကို တွေ့ရစဉ်

အီရန်သည် ၎င်း၏ အရပ်ဘက်သုံး နျူကလီးယား စီမံကိန်းကို အသုံးချပြီး လက်နက်များ ပြုလုပ်နိုင်သည့် ယူရေနီယံများကို ထုတ်လုပ်မည့် အရေးကို အစ္စရေးနှင့် အမေရိကန်တို့က စိုးရိမ်နေသည်။

"အခုလက်ရှိမှာ ယူရေနီယံ သန့်စင်တာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ယူရေနီယံ သန့်စင်ရေး စက်ရုံတွေက တိုက်ခိုက်ခံခဲ့ရလို့ပါ" ဟု အာရက်ချီက ပြောကြားခဲ့သည်။

ယခုနှစ် ဇွန်လက အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့ပြီး အမေရိကန်သည် အစ္စရေးဘက်မှ ဝင်ရောက်ကာ အီရန်၏ နျူကလီးယား စက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကို အာရက်ချီက ရည်ညွှန်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

အီရန် အနေဖြင့် အမေရိကန်၊ အခြားနိုင်ငံများနှင့် ဆွေးနွေးမှုများ ဆက်လုပ်မည် ဟုတ်၊ မဟုတ်ကို မေးမြန်းခံ ရချိန်တွင် အာရက်ချီက အီရန်၏ နျူကလီးယား စီမံကိန်းသည် အလွန် ရှင်းလင်းနေကြောင်း ဖြေကြားခဲ့သည်။

"ကျနော်တို့မှာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချဖို့ ယူရေနီယံ သန့်စင်ခွင့်ရှိပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီအခွင့်အရေးကို နားလည်ဖို့ မျှော်လင့်ပါတယ်" ဟု အာရက်ချီက ပြောကြားခဲ့သည်။

Source: DW