CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တရုတ်ကိုယ်စားလှယ်တို့ မတ်လ ၂၂ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

အလားတူ မတ်လ ၂၂ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်မှာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် နှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။


တရုတ်ကိုယ်စားလှယ်နှင့် KIA တို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သေးပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲများရပ်တန့်ရေးကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်အထိ တစ်ကြိမ် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တွေ့ဆုံဆွေးနွေး၍ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။

တရုတ်ကိုယ်စားလှယ်နဲ့ KIA ဥက္ကဋ္ဌကို တွေ့ရစဉ်

သို့သော် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၍ MNDAA က လားရှိုးမြို့နှင့် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆-၁၇ ရက်တွင် တရုတ်နိုင်ငံ၊ ဟိုင်ဂင်ဟိုတယ်မှာ မြန်မာ့တပ်မတော်နှင့် MNDAA  တို့ တွေ့ဆုံဆွေးနွေး၍ ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ နှစ်ဖက် ယာယီ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီခဲ့ သလို ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့များ ဆုတ်ခွာရန် သဘောတူညီခဲ့ကြ သည်။

MNDAA တပ်ဖွဲ့များသည် လားရှိုးမြို့ကနေ မေလ ၃၀ ရက် မတိုင်မီ တဖြေးဖြေးချင်း အသုတ်လိုက် ဆုတ်မည်ဟု နီးစပ်သူများက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့၌ MNDAA တပ်ဖွဲ့က မြို့စောင့်တပ်အဖြစ် အင်အား ၈၀၀ ကျော်ဖြင့် တပ်စွဲထားသလို တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ၃၀၀ ဝန်းကျင်၊ အရံတပ်သား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်နေ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။