CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်များတွင် တရုတ်ကုန်တင်ကားများ အဝင်/အထွက် လုပ်ဆောင်နေခြင်းကြောင့် မြန်မာကုန်တင်ကားများ ရပ်နားထားရကြောင်း မြန်မာကုန်ကားသမား များထံမှ သိရသည်။
ကချင်ပြည်နယ် ကံပိုင်တည်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များမှတဆင့် ကချင်ပြည်နယ်တွင် စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောနှင့် မြေရှားသတ္တုများ အပါအဝင် မြန်မာဘက်မှ သယံဇာတများကို တရုတ် ကုန်ကားများဖြင့် လာရောက် တင်ဆောင်နေခြင်းကြောင့် မြန်မာကုန်တင်ကားများသည် ရပ်နားထားရသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတဆင့် နမ္မတူနှင့် သိန္နီမြို့မှ သတ္တုများကို နေ့စဉ် တရုတ်ကုန်ကား ရာနှင့်ချီပြီး သယ်ယူနေခြင်းဖြစ်သည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ထိန်းချုပ်ထားသည့် KIA၊ MNDAA တို့က တရုတ်ကုန်ကားများကိုသာ ဝင်/ထွက်ခွင့်ပြုပြီး မြန်မာကုန်ကားများကိုတော့ လုံခြုံရေး အာမခံချက် မပေးသည့်အတွက် မြန်မာကုန်ကားများ ရပ်နားထားရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်
မြန်မာကုန်ကားများကို တရုတ်ကုန်သည်များက ဈေးနှိမ်မှုများလည်း ရှိနေခြင်းကြောင့် မြန်မာကုန်ကားများက ရပ်နားထားရခြင်း ဖြစ်သည်ဟု ကုန်တင်ကားမောင်းနှင်သည့် ကိုဟိန်းဇင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ တရုတ်ကားတွေ ဝင်တာ များနေတာပေါ့ဗျာ။ တရုတ်တွေ ကိုယ်တိုင် မောင်းပြီးတော့လည်း ဝင်နေ တယ်။ ကျနော်တို့ မြန်မာကားတွေကတော့ အခက်အခဲ ဖြစ်နေတာပေါ့ သွားရလာရတာ မရတော့ဘူးဗျာ။ အရင် တုန်းကဆို မြန်မာကားတွေပဲသွား၊ မြန်မာတွေပဲ လုပ်နေရတဲ့ အလုပ်က အခုကျတော့ တရုတ်ကားတွေနဲ့ပဲ အလုပ် လုပ်တော့ မြန်မာကားတွေက ရပ်ထားရတာပေါ့ဗျာ။ သူတို့ တရုတ်ကားတွေနဲ့ပဲ သူတို့ ယုံကြည်သလို လုပ်နေ ကြတာပေါ့ဗျာ။ များသောအားဖြင့်ကတော့ မြန်မာကားတွေ တော်တော်များများ ရပ်ထားရတာပေါ့။ အခု ငှက်ပျော တွေ တိုက်တယ်။ နယ်စပ်ကိုသွားတဲ့ ငှက်ပျောကားတွေ ဆိုလို့ရှိရင် မြန်မာကားတွေဆိုရင် ဈေးနှိမ် ဘာညာနဲ့ သူတို့ တရုတ်ကားဆိုရင် ဈေးပေးထားတာပေါ့ အဲဒီလိုတွေ ရှိတယ်။ ကျနော်တို့ မြန်မာကားတွေဆိုရင် များသော အားဖြင့် ရပ်ထားရတာ များတယ်။ မကိုက်တော့ မထွက်ရဘူးပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောများကို တရုတ်နိုင်ငံသို့ တစ်နှစ်ပတ်လုံး တင်ပို့နေခြင်းဖြစ်ပြီး ဝိုင်းမော်နှင့် ကံပိုင်တည်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ပြီး ကတည်းကပင် တရုတ်ကုန်တင် ကားများဖြင့် တင်ဆောင်နေကြခြင်းကြောင့် မြန်မာကုန်ကားများ အလုပ်မရဘဲ ရပ်နားထားရခြင်း ဖြစ်သည်ဟု သိရသည်။
ထိုနေရာများတွင် မြန်မာအစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနများ မရှိသည့်အတွက် တရုတ်ကုန်တင်ကားများသည် အခွန်ပေးဆောင်စရာ မလိုဘဲ အဝင်/အထွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟုလည်း ကုန်ကားသမားများက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်
ယခုကဲ့သို့ မြန်မာကုန်တင်ကားများ ရပ်နားထားရခြင်းနှင့် ကုန်ကားမောင်းနှင်သူများ အလုပ်လက်မဲ့ ဖြစ်ရခြင်း သည် နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် ဖြစ်သည်ဟု ကုန်တင်ကားမောင်းနှင်သူ ကိုအောင်ထွန်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ နိုင်ငံရေး မတည်ငြိမ်လို့ ဖြစ်တာပဲထင်တယ်။ နောက်တော့ ကုန်သည်တွေ အပေါ်မှာလည်း မူတည်တယ်။ သူတို့ တရုတ်ကားတွေနဲ့ သူတို့က များသောအားဖြင့် တရုတ်က ဝင်တာဆိုတော့ သူတို့ တရုတ်ကား နဲ့ သူတို့ ယုံကြည်စိတ်ချလို့ သူတို့ အပ်တယ်လို့ ထင်တယ်။ ဒီအတိုင်းကြီး သူတို့က ဂျူတီမဆောင် ဘာမဆောင်နဲ့ ဆိုတော့။ ကျနော်တို့က ကားသမားဆိုတော့ ဒီကားထွက်မှ ဒီဝမ်းစာ သွားရတာကိုး။ သူတို့ တရုတ်ကားတွေ ဝင်နေ တော့ ကျနော်တို့ ကားသမားတွေ ရပ်ထားရတာ များနေတာပေါ့။ အဆင်မပြေတဲ့ အတိုင်းအတာမှာ အကုန်လုံး အဆင်ပြေစေချင်တာပေါ့ဗျာ။ သူတို့တွေ ဘယ်လို ကိုင်တွယ်ပြီး ဘယ်လို သွားမလဲတော့ မသိဘူး။ ကျနော်တို့က တော့ ကောင်းကောင်းမွန်မွန် သွားရမယ်ဆိုရင်တော့ ကျေနပ်တာပေါ့” ဟု ပြောသည်။
လက်ရှိတွင် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းကြောင့် မြန်မာနိုင်ငံတဝှမ်း တရုတ်နိုင်ငံမှ ဝင်ရောက်သည့် တရားမဝင် ကုန်စည်နှင့် ထိုင်းနိုင်ငံမှ ဝင်ရောက်သည့် တရားမဝင် ကုန်စည်များကို စစ်ဆေးမှုနှင့် ဖမ်းဆီးမှု လုပ်ဆောင်နေခြင်း ကြောင့် ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်၌ စစ်ဆေးရေး တင်းကြပ်နေသည်ဟု ကုန်တင်ကားမောင်းနှင် သူများထံမှ သိရသည်။
