CNI News
၂၀၂၆ ခုနှစ်၊ မေ ၁၂
စက်သုံးဆီ ဒီဇယ်နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား ကင်းလွတ်ခွင့် ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တစ်လ ထပ်မံတိုးမြှင့်ပေးခြင်းကြောင့် ဈေးကွက်အတွင်း တောင်သူများ ဝယ်ယူရသည့် ဈေးနှုန်း သက်သာလာကြောင်း သိရသည်။
ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး လက်ရှိမှာ မေလ ၃၁ ရက်နေ့အထိ တစ်လ ထပ်မံ ရက်တိုးမြှင့်ပေးထား ခြင်း ဖြစ်သည်။
စက်သုံးဆီ ဒီဇယ် တင်သွင်းမှုအတွက် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကိုလည်း တစ်လ ရက်တိုးမြှင့်ပေးထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် လများတွင် အဓိကအားဖြင့် စပါးရိတ်သိမ်းချိန်၌ စက်သုံးဆီ ဒီဇယ် တစ်ပေပါကို သိန်း ၃၀ ဖြင့် ဝယ်ယူ ခဲ့ရပြီး လက်ရှိမှာတော့ တစ်ပေပါ ၁၂ သိန်းမှ ၁၅ သိန်းဝန်းကျင်သာရှိသည်ဟု တောင်သူများက ပြောသည်။

စက်သုံးဆီ ဆိုင်ကို တွေ့ရစဉ်
လက်ရှိမှာ စက်သုံးဆီ တင်သွင်းရာတွင် ကောက်ခံသည့် အခွန်များကို ကင်းလွတ်ခွင့် ပြုထားသော ကာလဖြစ် သည့်အတွက် တောင်သူများ ဝယ်ယူရသော စက်သုံးဆီသည် ဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဓာတ်မြေဩဇာက မဝယ်ရသေးတော့ ဈေးတောင် မမေးမိသေးဘူး။ ရောင်းတဲ့အချိန် ဘယ်လိုရောင်းမယ် ဘာလဲတော့ မသိသေးဘူး။ လောလောဆယ် တောင်သူက ဒီအချိန်ကလေ မိုးစပါးအတွက်မြေဩဇာ မသုံးရသေးတော့လေ။ ဒီဇယ်ကတော့ အပြင်ဈေးပေါ့ အပြင်ဈေးက ၁၂ သိန်း၊ ၁၃ သိန်း ဝန်းကျင်လောက် ကျသွားတယ်။ အရင်တုန်းက ၂၄၊ ၂၅၊ ၂၆ သိန်းလောက်အထိ ဖြစ်သွားတော့ အရင်တက်တဲ့ ဈေးထက်စာရင် ခေါက်ချိုးလောက် ကျသွားတာ ပေါ့။ ထုတ်တဲ့ဈေးကတော့ အဲဒီလောက် မရှိပါဘူး ၉ သိန်းဝန်းကျင်လောက်ပဲ ရှိမှာပါ” ဟု ပြောသည်။
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်ပေးမှုများ ရှိသော်လည်း ပို၍ ထိရောက်သည့် အချိန်ကာလကို ရွေးချယ်ကာ လုပ်ဆောင် ရန်လည်း လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။
စက်သုံးဆီသည် စပါးစိုက်ပျိုးချိန်ထက် စပါးရိတ်သိမ်းချိန်တွင်သာ ပို၍ ကုန်ကျပြီး စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ၂ ဂါလံမှ ၃ ဂါလံအထိသာ ကုန်ကျသည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာန သို့ ပြောသည်။

တောင်သူလယ်သမားတစ်ဦး လယ်ထွန်နေစဉ်
၎င်းက “ဈေးကတော့ ကျတယ်၊ အခု ရိုးရိုး ပရီမီယံ မဟုတ်ဘူး။ ရိတ်စက်မောင်းတဲ့ တစ်လုံးထိုး မောင်းတဲ့ဆီတော့ တစ်ပေပါကို ၁၅ သိန်းလောက်ပဲ ရှိတယ်။ အရင်တုန်းက ပရီမီယံက သိန်း ၃၀ လောက်ဖြစ်နေပြီ။ စိုက်ဖို့အတွက်က ရိတ်ဖို့လောက် မလိုဘူး။ ရိတ်သိမ်းချိန်သာ ဆီက ဥပမာ ဧက ၁၀၀ ဆို ရိတ်စက်တစ်စီးကို ၅ ပေပါကနေ ၆ ပေပါ ကုန်တယ်။ စိုက်တဲ့ အချိန်ကျတော့ တို့က ရိုးရိုး တစ်လုံးထိုးဆိုတော့ ရိုးရိုးဆီနဲ့မောင်းတဲ့အခါမှာ ထိုင်ကုန် တစ်ဧကကို ၂ ဂါလံ၊ ၃ ဂါလံပဲရှိတယ်” ဟု ပြောသည်။
မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ဓာတ်မြေဩဇာသည် ယခုကာလတွင် မလိုအပ်သေးသော်လည်း လိုအပ်လာချိန်၌ ဈေးနှုန်းနှင့် ပတ်သက်ပြီး မြှင့်တင်ရောင်းချမှု မရှိစေရန် ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်ဟု တောင်သူများက ပြောသည်။
လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများ စိုက်ပျိုးမှု လုပ်ဆောင်နိုင်ရန်အတွက် ချေးငွေထုတ်ချေး ပေးခြင်း၊ လေ့လာခြင်းနှင့် ဆွေးနွေးခြင်းများ လုပ်ဆောင်ပေးလျက် ရှိနေသည်ဟု သိရသည်။
