CNI International News

ဝါရှင်တန်၊ မတ်လ ၂၁

အမေရိကန်တရားသူကြီးများသည် သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) ၏ အစိုးရအဖွဲ့အား ပစ်မှတ်ထား သည့် စီရင်ချက်များ ချမှတ်ခဲ့ပြီးနောက် ထရမ့်၏ လုပ်ပိုင်ခွင့်အာဏာကို အတင်းအဓမ္မ လုယူနေကြောင်း အိမ်ဖြူတော်က မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အမေရိကန်တရားသူကြီးများ၏ စီရင်ချက်များထဲတွင် ဗင်နီဇွဲလား ရွှေ့ပြောင်း နေထိုင်သူများကို နေရပ်ပြန်ပို့မည့် အစီအစဉ်အား တားမြစ်ပိတ်ပင်ခဲ့မှုလည်း ပါဝင်ခဲ့သည်။

ထိုသို့ တားမြစ်ပိတ်ပင်မှုကြောင့် တရားသူကြီးများသည် ထရမ့်၏ အမျက်ဒေါသကို ခံခဲ့ရသည်။

“ထရမ့်ရဲ့ အစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘက်လိုက်တဲ့ တက်ကြွလှုပ်ရှားသူတွေလိုမျိုး စီမံဆောင်ရွက်နေတဲ့ တရားသူကြီးတွေကို ရွေးချယ်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရိုလိုင်း လက်ဗစ် (Karoline Leavitt) က ပြောကြားခဲ့သည်။

 အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရိုလိုင်း လက်ဗစ်ကို တွေ့ရစဉ်

“အဲဒီတရားသူကြီးတွေဟာ ကျမတို့ နိုင်ငံရဲ့ သမ္မတလည်းဖြစ် နိုင်ငံတော် အကြီးအကဲလည်းဖြစ်တဲ့ ထရမ့်ရဲ့ စိတ်ဆန္ဒကို အတင်းအဓမ္မ လုယူနေရုံသာမကဘဲ အမေရိကန်ပြည်သူတွေရဲ့ စိတ်ဆန္ဒကိုလည်း လျော့ပါးအောင် လုပ်ဆောင်နေပါတယ်” ဟု လက်ဗစ်က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ဗစ်သည် ပြီးခဲ့သည့် သီတင်းပတ်က ရွှေ့ပြောင်းများအား နေရပ်ပြန်ပို့မည့် လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့ရန် အမိန့်ပေးခဲ့သည့် ခရိုင်တရားသူကြီး ဂျိမ်းစ် ဘို့စ်ဘာ့ချ် ( James Boasberg)ကို အဓိကထားပြီး ဝေဖန် ခဲ့ခြင်းဖြစ်သည်။

ထရမ့် အစိုးရအဖွဲ့သည် ဗင်နီဇွဲလား လူဆိုးဂိုဏ်းဝင်များဟု ကြေညာထားသည့် ရွှေ့ပြောင်း ၂၀၀ ကျော်ကို နေရပ်သို့ ပြန်ပို့ရန် စစ်အတွင်းက ဥပဒေအား မှီငြမ်းပြီး စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရိုလိုင်း လက်ဗစ်ကို တွေ့ရစဉ်

“တက်ကြွလှုပ်ရှားတဲ့ တရားသူကြီး တစ်ယောက်က သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို အတင်းအဓမ္မလုယူဖို့ ကြိုးပမ်း နေတယ်ဆိုတာ အရမ်းပေါ်လွင်နေပါတယ်”ဟု လက်ဗစ်က ပြောကြားခဲ့ပြီး တရားသူကြီးကို “ဒီမိုကရက် တက်ကြွလှုပ်ရှားသူ” ဟု သုံးနှုန်းပြောကြားခဲ့သည်။

ထရမ့်ကလည်း တရားသူကြီး ဘို့စ်ဘာ့ချ်အား စွပ်စွဲပြစ်တင်ရန် မတ်လ ၁၈ ရက်က တိုက်တွန်းခဲ့ပြီး ဘို့စ်ဘာ့ချ် သည် လက်ဝဲ အစွန်းရောက်တစ်ဦး၊ ပြဿနာကို ဖန်တီးသူတစ်ဦး၊ အိုဘားမား (အမေရိကန်သမ္မတဟောင်း) က ခန့်အပ်ခဲ့သည့် သွေးထိုးလှုံ့ဆော်သူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားရုံးချုပ်၏ တရားသူကြီးချုပ် ဂျွန် ရောဘတ်စ် (John Roberts) ကမူ ထရမ့်၏ မှတ်ချက်စကားကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး တရားစီရင်သည့် ဆုံးဖြတ်ချက်ကို သဘောမတူသဖြင့် စွပ်စွဲပြစ်တင်ရန် တောင်းဆိုမှု သည် သင့်တော်သည့် အကြောင်းပြချက် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်