CNI News

၂၀၂၅ ခုနှစ်၊ မတ် ၂၁

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခများ အခြေအနေကို ဖြေရှင်းရာမှာ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပြီး ပြည်ပအကူအညီသည် အရံသဘောသာဖြစ်ကြောင်း တရုတ်-မြန်မာ အ‌ရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသည့် အကျပ်အတည်းအား ဦးဆောင်၍ ကိုင်တွယ် ဖြေရှင်း နိုင်မည့် အခွင့်အလမ်း တစ်ရပ်ရှိနေကြောင်း၊ တိကျပြတ်သားသည့် အရေးယူ ဆောင်ရွက်မှုများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။

ကိုယ့်နိုင်ငံရေး အခြေအနေများနှင့် တော်လှန်ရေး အခြေအနေအား ကိုယ့်ဘာသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး ပြည်ပ အကူအညီသည် အရံသဘောသာ ဖြစ်သောကြောင့် အဆုံးအဖြတ် မပေးနိုင်ကြောင်း တရုတ်-မြန်မာအ‌ရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

၎င်းက “ကျမ ကြည့်တာတော့လေ ကျမတို့နိုင်ငံရဲ့ တော်လှန်ရေးကို ကျမတို့ ပြည်သူကိုပဲ အားကိုးရမယ်ဗျ၊ အာဆီယံတို့ ဘာတို့ ညာတို့ကို အားကိုးတယ်ဆိုတာ အရံသဘောပဲ ဖြစ်နိုင်တယ်နော်၊ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံက ၁၀ နိုင်ငံလုံး သဘောတူမှ ဆုံးဖြတ်နိုင်တာ ဖြစ်တာကိုး၊ သူတို့နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေအရ ပြဿနာတွေက တပုံကြီးလေ၊ အဲတော့ သူများနိုင်ငံရေးမှာ ဝင်မပါဘူးဆိုတာ သူတို့နိုင်ငံအတွက်လည်း အရေးကြီး တာကိုး၊ ကိုယ့်နိုင်ငံရေး အခြေအနေတွေ၊ ကိုယ့်တော်လှန်‌ရေး အခြေအနေကို ကိုယ့်ဟာကိုယ် ဝေဖန်ဆန်းစစ်ပြီး တော့ ရှေ့ဘယ်လို လုပ်ကြမယ်၊ ရှေ့ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ ကိုယ့်ဟာကိုယ် စဥ်းစားဆုံးဖြတ်ဖို့ပဲ၊ ပြည်ပ အကူအညီဆိုတာ အရံသဘောပဲဗျ၊ ဘယ်တော့မှ အဆုံးအဖြတ် မပေးဘူး၊ အဆုံးအဖြတ်ပေးမှာ ကိုယ့်ပြည်တွင်း အင်အားပဲ၊ ပြည်တွင်းက တော်လှန်‌ရေး အင်အားစုကပဲ အဆုံးအဖြတ်ပေးမှာ” ဟု ပြောသည်။ 

ပြည်ပနိုင်ငံများ၏ အကူအညီသည် အရံသဘောသာဖြစ်သည်ဟု ပြောသော်လည်း မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်၏ ပါဝင်မှုသည် ထဲထဲဝင်ဝင်ရှိနေကြောင်း ထောက်ပြမှုများရှိနေသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့အကြား ယာယီအပစ် အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသလို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် မြန်မာ့ တပ်မတော်တို့ကြား တွေ့ဆုံဆွေးနွေးမှုများလည်း ရှိခဲ့သည်။

ထို့အတူ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် AA နှင့် နစကကြား တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်မည် ဖြစ်ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သလို ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့ကလည်း ရွေးကောက်ပွဲအား ထောက်ခံပြီး ကိုယ်စားလှယ်များ လွှတ် ကာ စောင့်ကြည့်လေ့လာရန် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အာဆီယံကိုယ်စားလှယ်များကို တွေ့ရစဉ်

အာဆီယံအဖွဲ့ထဲတွင် တရုတ်လိုသားသည့် အင်အားစုများနှင့် အမေရိကန် ကျောထောက်နောက်ခံ ပြုထားသည့် အင်အားစုများဆိုပြီး ရှိသောကြောင့် ဆုံးဖြတ်ချက်များ ပြတ်ပြတ်သားသားမရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အာဆီယံအဖွဲ့ထဲမှာ ပါဝင်တဲ့ အင်အားစုတွေ အနေနဲ့က တစ်ခုက တရုတ်လိုလားတဲ့ အင်အားစုတွေ လည်း ရှိတယ်၊ နောက်တစ်ခုက အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အင်အားစုတွေလည်း ရှိတဲ့အခါ ကျတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်တော့မှ ပြတ်ပြတ်သားသား မရှိပါဘူး၊ အဲဒီ အတောအတွင်းမှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် ၅ ရပ် ချမှတ်ထားတာ စစ်ကောင်စီကလည်း မလိုက်နာပါဘူး၊ သို့သော် အဲဒီလို မလိုက်နာမှုအပေါ်မှာ အရေးယူဖို့ ဆုံးဖြတ်ချက်တွေကတော့ သူ့မှာ အရေးယူ မယ့် ယန္တရားလည်း မရှိဘူး၊ အဲလို ဆုံးဖြတ်ချက်လည်း မချနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တချို့က တရုတ် ထောက်ခံထားတဲ့ စစ်ကောင်စီကို အ‌ရေးယူ ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စက အာဆီယံအတွင်းမှာ သဘောထား မညီ ညွတ်ကြပါဘူး၊ အဲတော့ စစ်ကောင်စီအနေနဲ ဒီဆုံးဖြတ်ချက်တွေကို မနာခံလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အနေအထားအောက်မှာ ရောက်နေတာပါ၊ အာဆီယံ ကျ‌နော်တို့ အဓိက အားကိုးပြီးတော့ ဗမာပြည်ရဲ့ ပြဿနာ ဖြေရှင်းဖို့ဆိုတာ လက်တွေ့အားဖြင့်တော့ မဖြစ်နိုင်တဲ့ အနေအထားကို အခု ၄ နှစ်ကျော်တဲ့အထိ တွေ့နေရတာ ဖြစ်ပါတယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။ 

ယခုအချိန်အခါသည် မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်း၏ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဂုဏ်သိက္ခာတို့အား ပြန်လည်ဖော်ဆောင်‌ပေးနိုင်မည့် ဆောင်ရွက်ချက်များအား ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့် အချိန်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ပြည်တွင်းပဋိပက္ခများအား ပြည်တွင်းရှိ တော်လှန်ရေး အင်အားစုများကသာ အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်သော် လည်း တော်လှန်‌ရေး အင်အားစုများကြား အကျိုးစီးပွားများ မတူကြသောကြောင့် ပဋိပက္ခများလည်း ရှိနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။