CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်သည့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ အဆင့်တစ်ခုကို ရောက်ရှိလာပြီ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နေပြည်တော် တိုက်ခိုက်မှုမှာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးဖြစ်ကြောင်း၊ နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “ဒါကတော့ ကျနော်တို့ တော်လှန်ရေး လှုပ်ရှားမှု နှစ် ၇၀ မှာ ပထမဆုံး မကြုံစဖူး စစ်ကောင်စီရဲ့ အလုံခြုံဆုံးလို့ ပြောရတဲ့ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား အဆင့်တစ်ဆင့်အထိ ရောက်လာပြီ ဆိုတာ ကျနော်တို့ တွေ့ရတယ်၊ နည်းပညာအရ အသာရတယ်ဆိုတာထက် အခြေအနေနဲ့ ကိုက်ညီတဲ့ ဉာဏ်ပညာ အမြော်အမြင်ရှိမှုလည်း ပါပါတယ်၊ ဆိုလိုတာက အဲဒီဒရုန်းတွေက သိပ်ပြီးတော့ နည်းပညာအဆင့်မြင့်ထားတဲ့ ဒရုန်းတွေ မဟုတ်ပါဘူး။ သူတို့က ဒီဒရုန်းတွေကို ဂျန်ပါတွေကနေ ဖျက်ဆီးလို့ မရအောင် တဆင့်နိမ့်ထားပြီးတော့ ပြန်လည်ပြီး ခေါ်ယူသုံးစွဲမယ့် ဒရုန်းတွေ အဖြစ်မဟုတ်ဘဲနဲ့ ကာမိကာဇေဒရုန်း ဆိုပြီးတော့ သူတို့က ပြင်ဆင် ဖွဲ့စည်းပြီးတော့ တိုက်ခိုက်တဲ့အတွက် ထိရောက်စွာ တိုက်ခိုက်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ့တပ်မတော်က ပစ်ချခဲ့သော ဒရုန်းတွေကိုတွေ့ရစဉ်

တော်လှန်ရေးကို အဆင့်နှင့်တိုင်ထွာခြင်းက မည်ကဲ့သို့သော အခြေအနေအား သတ်မှတ်ခြင်းလဲဟု နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်တချို့က မေးခွန်းထုတ်ကြသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့က နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ ပျံသန်းဝင်ရောက်လာ သော ဒရုန်းများကို ပစ်ချခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

အခြားတဖက်တွင် တော်လှန်ရေးအင်အားစုများက နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီးဖြင့် လည်းကောင်း၊ အေလာ လေတပ် (နေပြည်တော်လေဆိပ်)ကို ဒရုန်း ၁၃ စီးဖြင့်လည်းကောင်း ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်ဟု NUG က သတင်းထုတ်ပြန်ခဲ့သည်။

နယ်စပ်ဒေသများကို ခြိမ်းခြောက်နိုင်သော်လည်း အတွင်းပိုင်းဒေသများကို ခြိမ်းခြောက်နိုင်ရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

နေပြည်တော်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

၎င်းက “မရောက်ဘူးခင်ဗျ၊ အထူးသဖြင့် အတွင်းပိုင်းဒေသတွေမှာတော့ ခြိမ်းခြောက်နိုင်ခြင်း မရှိဘူးပေါ့နော်၊ အစွန်အဖျား ဒေသတွေမှာတော့ သိတဲ့အတိုင်းပေါ့၊ အခု သင်္ဃန်းညီနောင်ဖြစ်သွားပြီ၊ အပေါ်မှာဆိုရင်တော့ ကွမ်းလုံပေါ့၊ လောက်ကိုင် ဒါမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ အတွင်းပိုင်း ဒေသတွေမှာတော့ ထောက်ပံ့ပို့ဆောင်ရေး လွယ်ကူတဲ့ နေရာတွေမှာကြတော့ ဒီလိုမျိုးဖြစ်ဖို့ နည်းနည်းခဲယဉ်းပါတယ်။ နှောက်ယှက်ပစ်ခတ် ဖျက်ဆီးတာတွေ ဒါတွေတော့ ရှိပါတယ်။ ဒါတွေက ပြောလို့မရဘူးပေါ့၊ အချိန်မရွေးဖြစ်နိုင်တာပေါ့၊ ဒရုန်းဆိုတာ ဘယ်လောက်မှ ခက်တာမဟုတ်ဘူးလေ၊ လူလာတာမှ မဟုတ်တာ၊ လေထဲက လာတာလေ၊ ဒါဖြစ်နိုင်ပါတယ်။ ပျဉ်းမနားရဲ့ အရှေ့ဖက်မှာလည်း တောတွေ တောင်တွေ ရှိတာကိုး” ဟု CNI သတင်းဌာနသို့ ပြောသည်။

အတွင်းပိုင်းဒေသက တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သည့် ကောလင်း၊ ကနီ၊ မဘိမ်းမြို့များကို မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက် သိမ်းပိုက်မှုများလည်း ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများအကြား နှစ်ဖက်တိုက်ပွဲတွင် မြေပြင်ထိုးစစ် တိုက်ပွဲများသာမကဘဲ ဝေဟင်တိုက်ခိုက်မှုအဖြစ် နှစ်ဖက်အဖွဲ့အစည်းက ဒရုန်းအသုံးပြု တိုက်ခိုက်မှုကို လုပ်ဆောင်လျက်ရှိနေသည်။