CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ အရှိန်လျော့လာကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့အား တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အချို့ကို သိမ်းယူနိုင်ခဲ့သည်။

ဦးလီပေါ်ရဲ့က “ဒီရှမ်းမြောက်ကိစ္စကတော့ သူတို့ ဆွေးနွေးပြီးတော့မှ လောလောဆယ် လွတ်လွတ်လပ်လပ် အခြေ အနေတော့ အပစ်အခတ်ရပ်စဲထားတယ်လို့ပဲ ကျနော်တို့ကတော့ အဲဒီလိုပဲ ကြားတယ်လေ၊ ဒီဟာနဲ့ ပတ်သက်ပြီး တော့ ကျနော်တို့ သုံးသပ်တာက စစ်လည်း ပန်းနေပြီလေ၊ ညီနောင်သုံးဖွဲ့လည်း ဘာပဲပြောပြော သူတို့မှာလည်း လက်နက်အင်အား လက်နက်ခဲယမ်းအင်အားလည်း ဒီတိုက်ပွဲ အများကြီး လုပ်ခဲ့ပြီဆိုတော့ သူတို့လည်း လက်နက် အင်အားလည်း လျော့နေမှာပဲလေ။ လျော့နေတဲ့အတိုင်းအတာ ဖြစ်တဲ့အတွက် လောလောဆယ် သူတို့ အပစ် အခတ်တွေ ရပ်စဲတယ်ဆိုတာတော့ ဒါကတော့ ဖြစ်သင့်တာပေါ့၊ ဒါပေမဲ့ နောက်ဆက်ပြီးတော့ တိုက်ပွဲကတော့ ဖြစ်တော့ဖြစ်မှာပဲလေ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀၂၇ အဲဒီလောက်အဆင့်တော့ မဖြစ်လောက်ဘူး။ အနည်းအကျဉ်းတော့ ရှိမှာပေါ့၊ ကျနော်ကတော့ သုံးသပ်တယ်လေ၊ သူတို့ စစ်ရေးနဲ့ ပတ်သက်ပြီးမှတော့ ဒါက သူတို့ရဲ့ စစ်ရေး ကိစ္စဖြစ် တဲ့အတွက် အသေးစိတ်ကတော့ ကျနော်တို့လည်း မသိနိုင်ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

တအာင်းတပ်ဖွဲ့ကိုတွေ့ရစဉ် (SPM News)

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်က တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် နစက၏ NSPNC မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ယာယီ အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

ထို့နောက် ဒုတိယအကြိမ်အနေဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရခဲ့ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် စသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့အား သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မြန်မာ့တပ်မတော် စခန်းတစ်ခု သိမ်းပိုက်ခံရစဉ် (SPM News)

အလားတူ လမ်းတံတားများ ပျက်စီးကာ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်မှုဒဏ်ကို ဒေသတွင်းနေ ပြည်သူများ ကြုံတွေ့နေကြရသည်။

ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူထားသော မြို့များအား တပ်မတော်က ပြန်လည်မထိန်းချုပ်နိုင်ပါက တိုင်းပြည်၏ စီးပွားရေးမှာ ပိုမိုဆုံးရှုံးလာမည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ရှမ်းမြောက်က လောလောဆယ်တော့ တော်တော်များများ နေရာတွေလည်း စွန့်ခွာပေးထားရတာပေါ့ နော်၊ စစ်စခန်းတွေက ဘာလို့လဲဆိုတော့ စစ်စခန်း စွန့်ခွာရတာလည်း ရှင်းရှင်းပြောရရင်တော့ လူဦးရေ ဆယ်ဂဏန်းလောက်ရှိတဲ့ စခန်းကို ရာဂဏန်းလောက်ရှိတဲ့ ထောင်ဂဏန်းလောက်ရှိရာ တိုက်တော့ ဘယ်စခန်းမှ မခံနိုင်ဘူးပေါ့နော်၊ နစကဘက်ကြည့်ရတာတော့ လူဆုံးရှုံးမှုကို သိပ်ပြီးတော့ အထိအခိုက်မခံဘဲနဲ့ စခန်းတွေ စွန့်ခွာခိုင်းတဲ့ နေရာတွေတော့ တွေ့တယ်၊ ဒါပေမဲ့ သူဘယ်လိုရအောင် ပြန်တိုက်မလဲ စခန်းတွေ ပြန်ရအောင် ဘယ်လို လုပ်မလဲဆိုတာတော့ ဆရာတို့တော့ လက်တွေ့တော့ မမြင်ရသေးဘူး။ နောက်တစ်ချက်ကလည်း မနေ့၊ တနေ့က တရုတ်ဆွေးနွေးပွဲကလည်း သိပ်အောင်မြင်ခဲ့တာ မတွေ့ရဘူး။ ဘာမှ ရလဒ်မရှိဘူးဆိုတော့ ဘာဆက် လုပ်ကြမလဲဆိုတာ ၂၀၂၄ ရဲ့ နှစ်ဆန်းပိုင်းမှာ ဘာတွေ ဆက်လုပ်သင့်တယ်၊ ဘာတွေ ဆက်လုပ်ကြမလဲ အစိုးရ အနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဒီလိုပဲ ဆက်ထားမှာလား ဒီလိုပဲ ဆက်ထားရင် တိုင်းပြည်ရဲ့ စီးပွားရေး က ပိုပြီးတော့မှ ဆုံးရှုံးလာမယ်လို့ ဆရာတို့တော့ မြင်တယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် နှစ်လကြာမြင့်လာသည့်တိုင် ရပ်တန့်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။