CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

မန္တလေးမြို့သည် မြန်မာ့တပ်မတော် အပါအဝင် တော်လှန်ရေး အင်အားစုများအတွက် မည်မျှအရေးပါသလဲဆို သည့်အပေါ် နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက သုံးသပ်လျက်ရှိနေသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ မြို့တော်စာရင်းဝင်သော မြို့တစ်ခုဖြစ်ကာ နှစ်ဖက်အဖွဲ့အစည်းအတွက် သိက္ခာပိုင်းဆိုင်ရာ၊ ဝါဒဖြန့်ချိရေးဆိုင်ရာ အရေးကြီးကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ပြောရရင် မန္တလေးသည် မြန်မာနိုင်ငံရဲ့ Capital city ပေါ့၊ တကယ်မြန်မာနိုင်ငံရဲ့ မြို့တော် အနေအထားထဲက စာရင်းဝင်ထားတာကိုး၊ မန္တလေးမြို့နဲ့ ပတ်သက်ပြီး တစ်ခုခု အထိအခိုက်ဖြစ်တယ်ဆိုရင် တစ်ဖက်က ဝါဒဖြန့်ရာကောင်းတာကို ဒါက အနည်းဆုံး ရမှာ၊ ဒီဖက်က ခုခံမယ့်သူဖက်ကလည်း ဒီလိုမျိုး မထိန်း ချုပ်နိုင်ဘူး တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ သိက္ခာပိုင်းလည်း ပြောစရာ ဖြစ်တာပေါ့၊ ဒါပေမဲ့ ကျနော်လက်ရှိ အမြင်အ ရတော့ မန္တလေးကို လာပြီးတော့ ချက်ချင်းကြီး ဝုန်းဒိုင်းကြီး စစ်ဆင်ရေးကြီး အကြီးကြီးနဲ့ လုပ်နိုင်လောက်အောင် တော့ မမြင်သေးဘူး။ ဒါကတော့ ပြောမယ်ဆိုရင်တော့ အချက်တွေ အများကြီး ရှိပါတယ်၊ ဒါကတော့ လောလော ဆယ် ကျနော်တို့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ဒီလိုပဲ သုံးသပ်တယ်၊ သေချာတာကတော့ သိက္ခာပိုင်းအရ ရော ဝါဒဖြန့်မှုအပိုင်းအရရော ဒါအရေးကြီးတဲ့ နေရာလို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

 မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က မန္တလေးမြို့ရှိ မြန်မာ့တပ်မတော်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို အတိုက်အခံ လက်နက်ကိုင်အင်အားစုများက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မန္တလေးမြို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး မန္တလေးမှတဆင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ မြောက်ပိုင်း၊ အိန္ဒိယ၊  တရုတ် စသည့် နယ်စပ်ဒေသများဖြင့် ကုန်သွယ်မှု အဓိက ပြုလုပ်နေသော မြို့ကြီးဖြစ်သည်။

မန္တလေးမြို့မှာ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ကြောင်း၊ မြို့မပျက်မစီးဘဲ ထိန်းသိမ်းကာ သိမ်းပိုက်ရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

မန္တလေးမြို့ကျုံးကိုတွေ့ရစဉ်

၎င်းက “မန္တလေးနဲ့ ပတ်သက်ရင် ကျနော်တို့တွေ ကြိုတင်ပြင်ဆင်မှု ဟိုကတည်းက ရှိတယ်။ အခု 1027 အပြီးမှာ 1027 Second Wave အတွက် ပြင်ဆင်မှုထဲမှာ မန္တလေးပတ်ဝန်းကျင်နဲ့ မေမြို့ပတ်ဝန်းကျင် ပြင်ဆင်မှုတွေကို ကျနော်တို့ ဟိုကတည်းက လုပ်တယ်၊ အဲဒီပြင်ဆင်မှုတွေ အားကောင်းခဲ့လို့လည်း အခု ဒီ 1027 Second Wave က ကောင်းတာ၊ အခုဟာက ဒီမန္တလေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့မှာ အခြေခံကောင်းတွေက ရှိပြီးသား၊ အားလုံး CDM တွေက စနေချိန် မန္တလေးဟာ  CDM အားကောင်းတဲ့ မြို့တစ်မြို့ဖြစ်တယ်။ မန္တလေးဟာ ထူးခြားတယ်၊ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ ဒုတိယမြို့တော်ပေါ့၊ အဲဒီမှာ ကောင်စစ်ဝန်ရုံးတွေ ရှိတယ်။ အဲဒီမှာ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိတယ်၊ ကျန်းမာရေးတို့ ပညာရေးတို့နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ အပေါ်ပိုင်းကြီးတစ်ခုအတွက် လိုအပ်တဲ့ စာရင်းဇယားတွေ ပစ္စည်းဆေး ဝါးတွေ သိုလှောင်မှုတွေ ဒါတွေရှိတယ်။ အလားတူပဲ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင်လည်း ရှိတယ်။ ဒီလိုဟာမျိုးတွေကို ကျနော်တို့တွေက မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီး‌တော့ အကောင်းဆုံး ဒီမြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကျနော်တို့ ကြိုတင်ပြင်ဆင် တယ်၊ ပြင်ဆင်ထားတာတွေရှိတယ်၊ အခုလည်း ပြင်ဆင်နေတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းတို့တွင် မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထို့နောက် မန္တလေးမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ မြို့ခံအများအပြား နီးစပ်ရာ နေပြည်တော်၊ ရန်ကုန်နှင့် တခြားသော ဒေသများသို့ ပြောင်းရွှေ့မှုများလည်း ရှိနေသည်။