CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ကို မြန်မာ့တပ်မတော်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခန်းမမှာ လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

နမ်းခမ်းပြည်သူ့စစ်တပ်ဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က လက်နက် များ တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ခေါင်း ဆောင်များနှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံကာ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ သေးသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်းရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်း ဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ ထင်ပါကျိုင်း ပြည်သူ့ စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ထို့နောက် နမ့်ခမ်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ကို လက်နက်များ တပ်ဆင်ပေးမှုများ ရှိလာခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကာ မြန်မာ့ တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဗုံးထောင် ဖောက်ကွဲမှုများနှင့် ဓားပြတိုက်မှုများလည်း တွင်တွင်ကျယ်ကျယ် ဖြစ်လာနေပြီး တရားဥပဒေစိုးမိုးမှုအားနည်းလာနေသည်။

ထို့ကြောင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများ လုံခြုံရေးအတွက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ကာ လုံခြုံရေးအစီအမံများ ဆောင်ရွက်လျက်ရှိနေသည်။